ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့သည့်သတင်းမှာ မှန်ကန်ကြောင်းသိရ

By မောင်ခက်နွေ (မဇ္ဈိမ)
26 July 2023
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့သည့်သတင်းမှာ မှန်ကန်ကြောင်းသိရ
ပုံစာ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - AFP)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့လိုက်သည်ဆိုသည့်သတင်းမှာ မှန်ကန်ကြောင်း စိတ်ချယုံကြည်ရသည့် မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

"အခုလေးတင် သံအမတ်ကြီးတစ်ယောက်က confirmed  လုပ်ပါတယ်။ အန်တီကို နေပြည်တော်က အိမ်တစ်လုံးဆီကို ရွေ့လိုက်ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့ရသည့် အကြောင်းအရင်းနှင့် နေရာကိုတော့ မဇ္ဈိမ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေတယ်လို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် နှစ်ဦးတည်းတွေ့ဆုံခွင့်ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက်၊ အစိုးရနောက်သက်တမ်းအတွက် လွှတ်တော်ခေါ်ယူမည့်အချိန်တွင် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ဖမ်းဆီးထောင်ချခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မမျိုးစုံနှင့် တရားစွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။ 

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့လိုက်သည့် သတင်းနှင့်ပတ်သက်၍ တစ်စုံတရာ တုံ့ပြန်ထားခြင်း မရှိသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly