ခါမ်းပါတ်မြို့တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံး ဟုဆို

By ပါခွီး (မဇ္စျိမ)
25 July 2023
ခါမ်းပါတ်မြို့တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ခါမ်းပါတ်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား ၁၃ဦး ထပ်မံသေဆုံးသွား ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 လေကြောင်းက အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၃ ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်နေတာ လက်နက်ကြီးကျည်ဆိုရင်လည်း မိုးရွာသလိုကို ပစ်နေတာ၊ သူတို့ဘက်က ၁၃ ယောက်ကျတယ်၊ ကျနော်တို့ဘက်က တစ်ယောက် ထိထားတယ်” ဟု Tamu PDF တပ်ရင်း(၄) တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ခန့် က မဇ္စျိမ ကို ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုလျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များက ခါမ်းပါတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲများကို နှစ်ဖက်ညှပ် ဝိုင်းဝန်းပို့ဆို့ထားကြောင်း ဆိုသည်။

တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် စစ်ရေးတင်းမာမှုများဖြစ်ကာ ဇူလိုင်လ ၂၂ရက်နေ့တွင် ကာကွယ်ရေးတပ်ပေါင်းစုက ခါမ်းပါတ်မြို့ ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၃ရက်နေ့ ခါမ်းပါတ်မြို့လယ်ကွင်းဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၎င်းနေရာသို့ သွားရောက်ရှင်းလင်းရာ ကျန်ရစ်သော ကျည်ဆန်များ သိမ်းဆည်းရခဲ့ကြောင်း ဗိုလ်ခန့် က ဆက်လက်ပြောဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီက ရမ်းသန်းပစ်ခတ်သဖြင့် ခါမ်းပါတ်မြို့ အမှတ်(၁) ရပ်ကွက် ရိုမန်ကက်သလစ် ဘုရားကျောင်းရှေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေသဖြင့် ခါမ်းပါတ် ၊ ကနန်နှင့် အနီးနားကျေးရွာများရှိဒေသခံ ၃,၀၀၀ ခန့်သည် တောတောင်များ ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယဘက်အခြမ်းသို့ ထွက်ပြေးခိုလှုံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required