မင်းတပ်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီး အပါအဝင် ၃ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
01 June 2023
မင်းတပ်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီး အပါအဝင် ၃ဦးသေဆုံး

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား လျက်ရှိနေပြီး မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး နှင့် တပ်ခွဲတပ်ကြီးအပါအဝင် သုံးဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ဦးဆောင်သူတစ်ဦးထံမှ သိရသည်။

မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာအနီးတပ်စွဲနေသော စစ်ကောင်စီတပ်၏ နောက်ချန်တပ်ကို မေလ ၃၁ရက် မနက် ၁၁နာရီအချိန်တွင် အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ရာ၌ သေဆုံးသွားခြင်းဖြစ်ကြောင်းဆိုသည်။

“ဒုတပ်မှူးသေတယ်ဆိုတာ အတည်ပြုလို့ရပါပြီ၊ သူနဲ့အတူ ချင်းလူမျိုးတပ်ကြပ်ကြီး တစ်ဦးလည်း ကျဆုံးခဲ့ပါတယ်” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်းနိုင်တမ်း က မဇ္စျိမ ကိုပြောသည်။

အဆိုပါဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း နောက်ချန်တပ်တွင် အရာရှိအကြီးပိုင်းများ လိုက်ပါနေပြီး ယခုအရေအတွက်ထက်ပိုမိုသေဆုံးနိုင်ကြောင်းဆိုသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး၏ အကြောင်းကို သေချာမသိရသော်လည်း ကျဆုံးသွားသည့် ချင်းလူမျိုး တပ်ခွဲတပ်ကြပ်ကြီးမှာ စစ်ရေးအမြင်ရှိပြီး ကျေးရွာများ မီးမရှို့ရန် အမြဲတမ်းကာကွယ်ပေးသူတစ်ဦးဖြစ်ကြောင်း စစ်ဒေသမှူး က ဆက်ပြောသည်။

နေ့လယ် ၃နာရီ ၅၀မိနစ်အချိန်တွင် ခလရ (၂၇၄) မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးထိမှန်၍ မဟာဓာတ်အားပေးလိုင်း တာဝါပျက်စီးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်မှ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသည်ဟုယူဆပြီး လက်တုံ့ပြန်သည့်အနေဖြင့် ရင့်ရဲကျေးရွာကို စစ်ကောင်စီတပ်မှ မီးတင်ရှို့ခဲ့ကြောင်းသိရသည်။

ယင်းတာဝါတိုင်ပျက်စီးသဖြင့် မင်းတပ် ၊ မတူပီမြို့များ လျှပ်စစ်မီးများပြတ်တောက်နိုင်ပြီး ထိုတာဝါတိုင်ပျက်စီးသည့်နေရာသည် ကာကွယ်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားသည့်နေရာဖြစ်သဖြင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ပြင်ဆင်ရန် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ဝင်ရောက်လာနိုင်ကြောင်း ဆလိုင်း နိုင်တမ်းက သုံးသပ်ထားသည်။

မေလ ၂၈ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် ရဲသားများပါဝင်သည့် ပူးပေါင်းအင်အား ၂၀၀ ခန့်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များ ၊ ဂန့်ဂေါခရိုင်တပ်ရင်းများပူးပေါင်း၍ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်းဖြစ်သည်။

CDF – Mindat ကိုအင်အားဖြည့်တင်းရန် “အားယူထပျံ အောက်ချင်းအားမာန်” ဆိုသည့် ကျပ် ၅၀၀,၀၀၀,၀၀၀(သိန်းငါးထောင်) ကမ်ပိန်းကို မေလ ၁၉ရက်မှ ဇွန်လ ၁၉ရက် အထိ သတ်မှတ်ပြုလုပ်နေပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ပါဝင်ကူညီကြရန် အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required