စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် ငပုတော NLD လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းသို့ သွားရောက်အဖမ်းခံ

By မင်းထက် (မဇ္စျိမ)
21 July 2023
စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် ငပုတော NLD လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းသို့ သွားရောက်အဖမ်းခံ
ဓာတ်ပုံ-ဦးသက်ပိုင်စိုး ကျုံပျော်မြို့တွင် ခံဝန်လက်မှတ်ထိုးစဉ်

ဧရာဝတီတိုင်း ၊ငပုတောမြို့နယ်မှ စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးသည် ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် ၎င်းကိုယ်တိုင် ရဲစခန်းသို့သွားရောက် အဖမ်းခံခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံက သိရသည်။

"ရဲနဲ့ တပ်တွေဘက်က အကြောင်းကြားလို့ အဖမ်းလာခံတဲ့ သက်ပိုင်စိုးကို ရဲတွေက ငပုတောသင်္ဘောဆိပ်မှာ လာခေါ်ကြတယ်။အဲ့ဒီကမှတစ်ဆင့် ငပုတောရဲစခန်းကို ခေါ်သွားပြီး အဖမ်းခံတဲ့သဘောပါ"ဟု ဆိုသည်။

ဦးသက်ပိုင်စိုးသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ငပုတောမြို့နယ်အတွင်းပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက လိုက်လံ ဖမ်းဆီးခဲ့သည့်အတွက် ရှောင်တိမ်းနေခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ လ ၂၃ ရက်နေ့တွင် ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းရွာ၌ နေထိုင်သည့် ဦးသက်ပိုင်စိုး၏ ဇနီးနှင့် ၁၀ လ အရွယ်သမီးငယ်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ကိုးရက်ခန့်အကြာတွင် ဦးသက်ပိုင်စိုး၏ ဇနီးနှင့် သမီးတို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဦးသက်ပိုင်စိုးက စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးခဲ့သည်။

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့တွင် PDF သင်တန်းဆင်းများ အလင်းဝင်ပွဲခေါင်းစဥ်ဖြင့် စစ်ကောင်စီကပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ခံဝန်လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းကိုယ်တိုင် သွားရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

"ငပုတော ၊ ပြင်ခရိုင်နဲ့ ငရုတ်ကောင်းရဲစခန်းတွေကနေ သက်ပိုင်စိုးကို အကြမ်းဖက်ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားလို့ သူကိုယ်တိုင်သွားပြီး အဖမ်းခံတာပါ။ခံဝန်ထိုးတုန်းက ပုဒ်မတချို့ကို ဖြေလျှော့ပေးပြီး၊ အကြမ်းဖက်ပုဒ်မတွေ ကျန်လို့ ရဲတွေဘက်က ထပ်ပြီး အမှုဖွင့်တာလို့ ယူဆရတယ်။လောလောဆယ်မှာတော့ ရဲတွေဘက်က တရားစွဲဖို့ လုပ်နေပြီ"ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးသက်ပိုင်စိုးအား ငပုတောရဲစခန်းအချုပ်တွင် ဖမ်းဆီးထားသည်ဟု သိရပြီး ပုသိမ်ခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ပြင် ဆင်နေကြသည်ဟု ရဲသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ဦးသက်ပိုင်စိုး ရဲစခန်းသို့သွားရောက်အဖမ်းခံသည့် ဖြစ်စဥ်နှင့် ပတ်သက်၍  "ပြည်သူနဲ့တသားတည်းရှိရမယ့် ဒီကာလမှာ အာဏာရှင်ဆီသွားပြီး အောက်ကျခံ အလင်းဝင်သွားတာတွေ၊ အဖမ်းခံတာတွေလုပ်တာတော့ မကောင်းဘူးပေါ့။ကျွန်တော်ကတော့ သူ့နိုင်ငံရေးကို သူကိုယ်တိုင်သတ်တာလို့ပဲမြင်တယ် "ဟု NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ ခံဝန်လက် မှတ်ထိုးထားသည့် ဧရာဝတီတိုင်းမှ NLD လွှတ်တော်ကိုယ် စားလှယ် ၂၀ ဦးခန့်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required