မွန်ပြည်နယ်တွင် မိုးသည်းထန်မှုကြောင့် ရေကြီးခဲ့သည့် နေရာများ ရေပြန်ကျ

By ဂျူချန်း (မဇ္ဈိမ)
21 July 2023
မွန်ပြည်နယ်တွင် မိုးသည်းထန်မှုကြောင့် ရေကြီးခဲ့သည့် နေရာများ ရေပြန်ကျ
ပုံစာ-မော်လမြိုင်မြို့ ရေကြီးနေစဉ် (ဇူလိုင် ၁၉) ဓါတ်ပုံ- ပညာမန္ဒအံင်

မွန်ပြည်နယ်တွင်  ဇူလိုင်လ ၁၇ ရက််မှ ၁၉ ရက်အထိ သုံးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံ ဖြစ်ပွားခဲ့ရာ ယမန်နေ့ ဇူလိုင်၂၀ ရက်နေ့မှ စတင်၍  ရေများ ပြန်လည်ကျနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၇ ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးသည် ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့၌  မိုးသည်းထန်လာ၍ မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

“ရေတွေမရှိတော့ပါဘူးခင်ဗျ။ အကုန်လုံးအေးအေးဆေးဆေးဖြစ်သွားပါပြီ။ ကျနော်တို့ ရေကြီးတုန်းက ပေါင်လောက်ထိရှိတယ်။ ခုတော့ ပြန်ကျသွားပါပြီ။ နေလည်း ပွင့်နေပါပြီ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၈ ရက်နေ့မှ စတင်ကာ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် စျေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်ရ၊ ရွှေပြည်အေး၊ လှိုင်၊ ရွှေပြည်စိုး၊ မုပွန်၊ ဒေါင်းမင်းရပ်၊ တောင်ဝိုင်းနှင့် ဇေယျာ ၁/၂/၃ အစရှိသည့်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ခဲ့ပြီး နေရာအချို့တွင် ရင်ညွန့်အထိ ရေရောက်ရှိခဲ့သဖြင့် ဒေသခံ  ဦးရေ ၇၀၀ ထက်မနည်းကို ဘေးလွတ်ရာသို့ ရွှေပြောင်းခဲ့ရသည်။ 

ကုန်းမြင့်ရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ အရေးပေါ် ပြောင်းရွှေခဲ့သည့် ဒေသခံများသည် ရေကျသွားသည့် ဇူလိုင် ၂၀ ရက်နေ့တွင် နေအိမ်သို့ ပြန်လည် ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

“ခိုနေတဲ့သူတွေမရှိတော့ဘူး။ ရေတက်တုန်းခဏပဲ၊ အခု ရေပြန်ကျသွားပြီဆိုတော့ အားလုံး ပြန်ကုန်ကျပြီ” ဟု မော်လမြိုင်မြို့ရှိ ဆရာတော်က မိန့်သည်။

မော်လမြိုင်တွင် ဇူလိုင်၁၉ ရက်နေ့၌ ရေကြီးရေလျှံဖြစ််ပွားခဲ့သည့် ရပ်ကွက်များရှိ ဈေးဆိုင်နှင့် ဆေးခန်းအချို့သည်လည်း ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်ကြောင်း သိရသည်။

မုဒုံ-သံဖြူဇရပ် ပြည်ထောင်စုလမ်းမကြီး ကားလမ်းပိုင်း၌ မိုးသည်းထန်မှုကြောင့် ကားလမ်းရေကျော်ခဲ့ရာ ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ ယမန်နေ့မှစတင်ကာ မိုးရွာသွန်းမှုမရှိတော့သောကြောင့် ရေပြန်ကျသွားပြီဖြစ်ရာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး ကားများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခု အကုန်လုံး ရေကျသွားပြီ။ မိုးလေလည်း သာပြီဆိုတော့  အကုန်လုံး အဆင်ပြေသွားပြီ။ မနေ့မနက်ပိုင်းနေသာတယ်။ ညနေပိုင်းမိုးနည်းနည်းရွာတယ်။ ဒါပေမဲ့ ခါတိုင်းထက်ကို အများကြီးသာတယ်။ ပုံမှန်အနေအထားကို ပြန်ရောက်သွားပြီလို့ ပြောလို့ရတယ်ပေါ့” ဟု သံဖြူဇရပ်မှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ရေးမြို့နယ် ဟံဂံကျေးရွာတွင်လည်း မိုးသည်းထန်၍ ဖြစ်ပေါ်လာသည့် တောင်ကျရေကြောင့် ဇူလိုင် ၁၈ ရက်နေ့တွင် ရင်ညွန့်အထိ ရေမြင့်တက်ခဲ့ပြီး လက်ရှိတွင် ရေများ ပြန်လည်ကျသွားပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။

“မိုးရေချိန်များမှသာ ရေတက်တာ။ မနေ့က နည်းနည်းပဲ ရွာပါတယ်။ ဒီနေ့တော့ မရွာသေးဘူး​။ မနက်ကတည်းက နေပွင့်နေတာ။ ရေထွက်ပေါက်မရှိတာကတစ်ကြောင်း၊ တောင်ကျရေများတာက တစ်ကြောင်း ခဏခဏ နှစ်တိုင်းပဲ။ အခု နေပွင့်နေပြီ” ဟု ဟံဂံကျေးရွာအနီး နေထိုသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပေါင်မြို့တွင် နေထိုင်သူတစ်ဦးကလည်း ယမန်နေ့တွင် မိုးအနည်းငယ် ရွာသွန်းသော်လည်း လက်ရှိတွင် နေသာနေပြီဖြစ်ကြောင်း ပြောသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင်  ဇူလိုင် ၁၈ ရက်နေ့နှင့် ဇူလိုင် ၁၉ ရက်နေ့တွင် ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့ရသည်။

မော်လမြိုင်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် တစ်ရက်တည်းတွင် ကလေးငယ်သုံးဦး ရေနစ်မြုပ်သေဆုံးခဲ့ပြီး ပေါင်မြို့၊ ဥတ္တံတားကျေးရွာတွင် တောင်ကျချောင်းရေတွင် ပါလာသည့်  ထင်းများဆယ်ရင်း ချောင်းရေဖြင့် မျောပါကာ လူတစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက ပြောသည်။ ရေကြီးရေလျှံမှုအပြင် မွန်ပြည်နယ်အတွင်း နေရာအချို့တွင် လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုခြင်းနှင့်  မြေသားနံရံ ပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လာမည့် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ကာ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံမုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် ဇူလိုင်၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် မိုးကြီးပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို သတိထားကြရန် 
နှင့် ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ပြည်နယ်နှင့်တိုင်း ကိုးခုတွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဇူလိုင်လ ၂၀ ရက်နေ့တွင် သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required