"သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်"ဟု ကြွေးကြော်သည့် လောင်းလုံးမြို့ အာဇာနည်နေ့ လူထုသပိတ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
19 July 2023
"သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်"ဟု ကြွေးကြော်သည့် လောင်းလုံးမြို့ အာဇာနည်နေ့ လူထုသပိတ်
Photo - DDMSC (လူထုသပိတ်တွင် လောင်းလုံးမြို့ဒေသခံများ ပါဝင်ဆင်နွှဲနေစဉ်)

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ယနေ့ ကျရောက်သော အာဇာနည်နေ့၌ အ‌ခြေခံပညာကျောင်းသားကျောင်းသူများနှင့် အမျိုးသမီးများအပါအဝင်ဒေသခံပြည်သူများပါဝင်သည့် လူထုသပိတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး လူထုသပိတ်လှုပ်ရှားမှုအနေဖြင့် အာဇာနည်နေ့အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူထုသပိတ်တွင်ပါဝင်သူများက  "သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်" စာသားပါ ဘန်နာကိုကိုင်ဆွဲချီတက်ခဲ့ကြသည်။ယနေ့ ဇူလိုင်လ၁၉ရက်နံနက်ပိုင်း၌ ပြုလုပ်သည် လူထုသပိတ်တွင် လောင်းလုံးမြို့နယ်မှ တော်လှန်ရေး အင်အားစုများ၊ အ‌ခြေခံပညာကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအလုပ်သမား၊ လယ်သမားအများအပြားပူးပေါင်းပါဝင်ခဲ့ကြကြောင်း သပိတ်အားဦးဆောင်သူများကပြောသည်။

လောင်းလုံးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းအချို့ရှိနေပြီး စစ်ရေးတင်းမာနေသည့်ကြားမှ အာဇာနည်နေ့အခမ်းအနားလူထုသပိတ်ကို ဒေသခံတော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြခြင်းဟုသိရသည်။

စာတည်း - မောင်ကြီး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required