လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းကြောင့်ဒေသခံ များ ထွက်ပြေးနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
28 August 2023
လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းကြောင့်ဒေသခံ များ ထွက်ပြေးနေရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာသို့ အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ကျော်ခန့်တွင် ဂေါ့အင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော စစ်ကောင်စီတပ်က  အရပ်သား ၁၀ ဦးကျော်ကိုဖမ်းဆီးပြီးနောက် ဒေသခံများ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌လှုပ်ရှားနေ၍ ဒေသခံများ စိုးရိမ်ထိတ် လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီအဖွဲ့ဝင် ကိုမင်းလွင်ဦးက “မနေ့က တီဇစ်ရွာဖက်ကို စစ်ကြောင်းဝင်ချိန်မှာ ဒေသခံ ၁၀ ဦးကျော်ဖမ်းဆီးခံရတာ ရှိတယ်။ ဖမ်းထားတဲ့လူတွေကို ပြန်လွတ်ပေးလိုက်ပြီလို့ သိရသလို ထပ်ပြီးဖမ်းဆီးတာတွေ ရှိသေးတယ်။ ဘယ်နှစ်ဦး ထပ်ဖမ်းခံရတယ်ဆိုတာတော့ သေချာမသိရသေးဘူး” ဟု ပြောသည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ရှိနေဆဲဖြစ်ပြီး ထွက် ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်အရေအတွက် အတိအကျမသိရသေးကြောင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“စစ်ရှောင်တွေကတော့ ထွက်ပြေးတိမ်းရှောင်လိုက်၊ ပြန်လာလိုက်နဲ့ဆိုတော့ လူဦးရေအတိအကျ ပြောဖို့ ခက်တယ်”ဟု မြို့နယ် ပ.က.ဖမှ တာဝန်ရှိသူတဦးကပြောသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ်ထဲသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required