လောင်းလုံး၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ အင်အားဖြည့်၊ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
05 October 2023
လောင်းလုံး၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ အင်အားဖြည့်၊ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရ
ကျောက်နီမော်ရွာအားတွေ့ရစဥ် ပုံ CJ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ ဂိတ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းလာ၍ ဒေသခံများထွက်ပြေး တိမ်းရှောင်နေကြရသည်။

ကျောက်နီမော်ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကယမန်နေ့  အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ထို့နောက် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း အင်အားအများအပြား ဝင်ရောက်လာခြင်းဟု ဒေသခံများက ယနေ့ အောက်တိုလာလ ၅ရက်တွင် ပြောသည်။

" မနေ့ကတိုက်ပွဲဖြစ်တော့ စစ်တပ်က နယ်မြေ ရှင်းလင်းတဲ့ အနေအထားနဲ့ အင်အား အလွန်ကျွံသုံးပြီး ဝင်လာတာ ဖြစ်တယ်”ဟု ကျောက်နီမော်ရွာ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် ပင်လယ်ရေကြောင်းမှတဆင့် စက်လှေများနှင့်ရောက်ရှိလာပြီး ကျောက်နီမော်ရွာအတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

" မနေ့မနက်က ပစ်ခတ်မှုမှာတောင် သွေးတိုးတက်သူကတက်နေကြပြီ။ အခုလည်း လူတွေ ဘယ်သွားရ ဘယ်လာရ မှန်း မသိ ဖြစ်နေကြတယ်"ဟု ဒေသခံ တဦးက ပြောသည်။

လတ်တလောစစ်ရေးအခြေအနေကြောင့်  ဒေသခံများ နေအိမ်၌ ပုန်းခိုနေသူများလည်း ရှိသလို နီးစပ်ရာသို့  ထွက်ပြေး တိမ်းရှောင်သွားသူများလည်းရှိကြောင်း ‌လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက ပြောသည်။

ယမန်နေ့က တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရပြီး အသေးစိတ်ကိုမသိရသေးပေ။
 ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းသည် ထားဝယ်ဒေသတွင် ထင်ရှားသည့် မြတ်ရှင်မော်ဘုရားကို သွားသည့် လမ်းပေါ်တွင် တည်ရှိသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required