လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
24 September 2023
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းက "ပုခက်လွှဲသော လက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" ခေါင်းစဉ်ဖြင့် နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က  ဦးဆောင်ပြီး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ အဖွဲ့ဝင် အင်အားစု တခုဖြစ်သော နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ နှင်းဆီရောင် အမျိုးသမီးတွေအနေနဲ့ ဆိုရှယ်ဒီမိုကရက်တန်ဖိုးတွေကို အလေးထားပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင် ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုတွေမှာ မဆုတ်မနစ် ဦးဆောင်ပါဝင်သွားကြမှာ ဖြစ်တယ်”ဟု နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU) အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းလှုပ်ရှားမှုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုများ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သည့် အနေဖြင့် "ပုခက်လွှဲ‌သောလက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" စာသားပါဘန်နာကို ကိုင်ဆွဲပြီး ဒေသခံ အမျိုးသမီးများနှင့် လူငယ်အများအပြား၏ ပူးပေါင်းပါဝင်မှုဖြင့် ချီတက်ခဲ့ကြသည်ဟု ဦးဆောင် ပါဝင်သော အမျိုးသမီးအဖွဲ့များက ဆိုသည်။

စာတည်း ။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly