အာဇာနည်နေ့အခမ်းအနား ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရခြင်းမရှိဘဲ ဦးအောင်ဆန်းဦး တက်ရောက်

By ဂန္ဒမာ (မဇ္ဈိမ)
19 July 2023
အာဇာနည်နေ့အခမ်းအနား ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရခြင်းမရှိဘဲ ဦးအောင်ဆန်းဦး တက်ရောက်

၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ရခြင်းမရှိဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဆုံးဖြစ်သော ဦးအောင်ဆန်းဦး တက်ရောက်လာသည်ကို တွေ့မြင်ရသည်။

ယနေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင် သားအကြီးဆုံး ဦးအောင်ဆန်းဦး၊ သခင်မြ မိသားစုဝင် သားဖြစ်သူ ဦးရဲမြင့်အောင်နှင့် မြစ်ဖြစ်သူ မောင်ထက်ဘုန်းနိုင် ၊မန်းဘခိုင် မိသားစုဝင် (၁) မြေးများ ။ မိသားစုဝင် (၂) သမီးနှင့်မြေး ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိသားစုဝင် သား ၊ ချွေးမ  နှင့် မြေး၊ မြေးချွေးမ၊ မြစ် ၊ ဦးရာဇတ် မိသားစုဝင် သား၊ မြေး ၊ မြေးချွေးမ ၊ ဦးအုန်းမောင် မိသားစုဝင်  သား နှင့်မြေးများ ၊ ရဲဘော်ကိုထွေး မိသားစုဝင် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးအောင်ကိုကို၊  တူများ၊ မြေး တို့တက်ရောက်ခဲ့ပြီး  ဒီးဒုတ်ဦးဘချို နှင့် ဦးဘဝင်းတို့၏ မိသားစုဝင်များ(မိသားစုဝင်ဟုပြော၊ တော်စပ်ပုံ၊ အမည်များမဖော်ပြခဲ့ပါ) လည်း တက်ရောက်ကာ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုမှတစ်ဆင့်သိရသည်။

ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်လာသော အာဇာနည်နေ့အတွက် အခမ်းအနားမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် သုံးကြိမ်မြောက်ကျင်းပခြင်းဖြစ်သည့် အခမ်းအနားဖြစ်သည်။

အခမ်းအနား သုံးကြိမ်လုံးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခြင်းမရှိဘဲ ယနေ့ အခမ်းအနားတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းကသာ ဦးဆောင်ကျင်းပသွားသည်ကို တွေ့ရသည်။

ယနေ့တွင် ရန်ကုန်မြို့၌ အာဇာနည်နေ့အခမ်းအနားအား ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းတွင် နံနက် ၈ နာရီမှစတင်ကာ ကျင်းပလျက်ရှိသဖြင့် အဆိုပါမြို့နယ်နှင့် ထိစပ်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များ၏ လုံခြုံရေးအင်အား တိုးမြှင့်တင်းကျပ်ထားကြောင်း မြေပြင်ကင်းထောက်များထံက တစ်ဆင့်သိရသည်။

သို့သော်လည်း တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ လုံခြုံရေးတင်ကျပ်ထားမှုများကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် ဆန္ဒပြ၊ ပြောက်ကျားသပိတ် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required