ကရင်နီပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်နေရာများ လေကြောင်းမှတိုက်ခိုက်ခံရ၍ ဆေးကုသပေးရန် အခက်ကြုံနေရ

By ကီရာ (မဇ္ဈိမ)
16 July 2023
ကရင်နီပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်နေရာများ လေကြောင်းမှတိုက်ခိုက်ခံရ၍ ဆေးကုသပေးရန် အခက်ကြုံနေရ
photo - မျိုးဆက်လှသော်

ကရင်နီပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်နေရာများ လေကြောင်းမှ တိုက်ခိုက်ခံရသည့်အတွက် ဆေးဝါးကုသပေးရန်အခက်ကြုံနေရသည်ဟု ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့် ဝိဇ္ဇာအဖွဲ့ထံမှ သိရသည်။

“ဆေးရုံ ဆေးခန်းတွေ လေကြောင်းကတိုက်ခိုက်ခံရတဲ့အတွက်  Public Center တွေမှာ နေလို့မရပါဘူး။ ဆေးကုသပေးဖို့ အခက်အခဲဖြစ်ပါတယ်”ဟု လတ်တလောကြုံတွေ့နေရသည့် အခက်အခဲနှင့်ပတ်သက်၍ ဒေါက်တာကိုအုပ်က ပြောသည်။

ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဆောက်အဦများကို လေကြောင်းမှ တိုက်ခိုက်ခံနေရခြင်းဖြစ်၍ စစ်ရှောင်များနှင့် တော်လှန်ရေးရဲဘော်များအတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးရန် အခက်ကြုံနေရခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

Waid Zar Team ဆေးကုသရေးအဖွဲ့သည် ကရင်နီပြည်နယ်၌ ရှေ့တန်းတိုက်ပွဲများတွင်ပါ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်ဟု သိရသည်။

“လတ်တလော ဆေးကုပေးဖို့ လုံခြုံတဲ့နေရာရှိဖို့နဲ့ သွားလာရေးအတွက် လိုအပ်ချက်တွေရှိပါတယ်၊ အရေး ပေါ် ပတ်တီး၊ ဂွမ်း၊ အရက်ပျံလိုအရာတွေ လိုအပ်နေတာပါ”ဟု ဒေါက်တာ ကိုအုပ်က ပြောသည်။

ဆေးကုသရေးအဖွဲ့များအတွက် လှူဒါန်းလိုသူများအနေဖြင့်လည်း Waid Zar လူမှုကွန်ရက် စာမျက် နှာမှတဆင့်ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်း သိရသည်။
“ဆေးဝါးတွေက စျေးကြီးလာတယ်၊ လမ်းကြောင်းတွေကလဲ ခက်ခဲလာတဲ့အခါကျတော့ လူသူမရောက် နိုင်တဲ့နေရာတွေကို ဆေးအဖွဲ့တွေရောက်ရှိဖို့ အခက်အခဲရှိနေပါတယ်”ဟု ဒေါက်တာကိုအုပ်က ပြော သည်။

ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ချက်များရှိနေသည့်အပြင် ဒေသခံများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သောက်ဆေး၊ ထိုးဆေး လိုအပ်ချက်များ ရှိနေသည်ဟုလည်း ၎င်း ကပြောသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required