ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့များသည်ကို အာဆီယံတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တင်ပြ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့များသည်ကို အာဆီယံတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တင်ပြ
Photo-AFP

မြန်မာနိုင်ငံက ထောင်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန် ပရာမတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြောဆိုခဲ့သည်များကို အာဆီယံသို့ တင်ပြခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံမြို့တော်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ဆွေးနွေးပြောဆိုမှုက ကောင်းမွန်ကြောင်း ဂျကာတာတွင် အင်္ဂါနေ့က ပြုလုပ်သည့် ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒွန်က ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ကန်ချာနာ ပါတာရာချိုကီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ရော ကိုယ်ပါ ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိပုံရသည်ဟု ဒွန်က ဆိုသည်။

တနင်္ဂနွေနေ့က တွေ့ဆုံမှု၌ ဒေါ်အောင်ဆန်းစုကြည်သည် အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံက ပဋိပက္ခများကို ထိန်းသိမ်းနိုင်မည့် မည်သို့သော ကြိုးပမ်းမှုကိုမဆို ထောက်ခံကြောင်း ဖော်ပြခဲ့သည်ဟု အာဆီယံအစည်းအဝေးတွင် ဒွန်က ပြောဆိုသည်။

သူ့၏ နိုင်ငံအတွင်းက အကြမ်းဖက်ပဋိပက္ခများနှင့် မတည်ငြိမ်မှုများမှ ဖြစ်ပေါ်သော ပြည်တွင်းစီးပွားရေး ရိုက်ခတ်မှုများကို စိုးရိမ်ပူပန်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖော်ပြခဲ့ကြောင်း ဒွန်က မှတ်ချက်ပြုပြောဆိုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံ၌ တင်းမာမှုများ လျှော့ချနိုင်ရေး ကြိုးစားနေချိန်၌ လက်နက်ကိုင်စွဲခြင်းကနေ နိုင်ငံရေးပဋိပက္ခကို ခွဲထုတ်ရန်အတွက် အရေးကြီးသည်ဟု ယုံကြည်ကြောင်း ဒွန်က အာဆီယံအစည်းအဝေးတွင် တင်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရေး နောက်ဆုံး ရည်မှန်းချက်နှင့်အတူ အာဆီယံအနေဖြင့် ကိုယ်ပိုင်လမ်းကြောင်းဖြင့် ဆွေးနွေးမှုများ အစပျိုးနိုင်ကြောင်းလည်း ၎င်းက အတိအကျ ဆိုသည်။

မြန်မာနိုင်ငံဆီ အခြားသော အကြောင်းရင်းများဖြင့် သွားရောက်ခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာ တွေ့ဆုံခဲ့ရခြင်းမှာ ဒွန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို စစ်ကောင်စီထံမှ ကြိုတင်ရရှိထားခြင်းဖြစ်ကြောင်း ကန်ချာနာက ပြောသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားချိန်မှစကာ အာဆီယံမှ အဆင့်မြင့်တာဝန်ရှိသူနှင့် ပထမဆုံး တွေ့ဆုံမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒွန်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

“သူက ကျန်းမာရေးကောင်းတယ်၊ တွေ့ဆုံဆွေးနွေးမှုကလည်း ကောင်းမွန်တဲ့ ဆွေးနွေးမှု ဖြစ်ခဲ့တယ်”ဟု ဒွန်က ပြောသည်။ “ပိုပြီး အပြန်အလှန် ဆွေးနွေးဖို့အတွက် သူက တိုက်တွန်းတယ်”ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပန်း၌ သတင်းထောက်များအား ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly