ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်တွင် စစ်ဘေးရှောင် ၂ ဦး မြွေဆိုးကိုက်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
11 July 2023
ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်တွင် စစ်ဘေးရှောင် ၂ ဦး မြွေဆိုးကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်တွင် စစ်ဘေးရှောင်နှစ်ဦး မြွေဆိုးကိုက် ခံခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်)ထံမှ သိရသည်။

ဇူလိုင်လ ၉ ရက်နေ့က ထန်းကုန်းတိုက်နယ်ရှိ စစ်ရှောင်တဲအတွင်း အိပ်နေသည့် အသက် ၂၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံခဲ့ရခြင်းဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိရှိသေးကြောင်း ယင်း အဖွဲ့ကပြောသည်။

ထို့ပြင် ဇူလိုင်လ ၆ ရက်နေ့ကလည်း ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်မှ အသက် ၅၀ နှစ် အရွယ် အမျိုး သမီးတဦး မြွေဆိုးကိုက်ခံခဲ့ရသည်ဟု ဆိုသည်။

“အိန္ဒိယမြွေဆိပ်ဖြေဆေးက အလုံး ၂၀ တော့ရှိတယ်။ လူနာက နှစ်ယောက်ဖြစ်နေတော့ မလောက်ဘူး ဖြစ်နေလို့ တခြားမြွေဆိပ်ဖြေဆေးရှိတဲ့ တနေရာကို လွှဲပေးလိုက်ရတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတဦးက ပြောသည်။

ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်တွင်လည်း   ဇူလိုင်လ ၆ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင်  ဒေသခံတဦး မြွေဆိုးကိုက်ခံရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်) ထံမှ သိရသည်။

ထန်းကုန်းတိုက်နယ်အတွင်း၌ မြွေဆိပ်ဖြေဆေးများအပြင် အခြေခံဆေးဝါးများနှင့် အမြဲစွဲသောက်ရသည့် သွေးတိုး၊ ဆီးချိုကဲ့သို့ ဆေးဝါးများလိုအပ်လျက်ရှိနေသည်ဟု သိရသည်။

ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊  ချပ်သင်း၊ ပင့်သာနှင့် ထန်းကုန်းတိုက်နယ်များသည် မြွေဆိုးကိုက်ခံ ရမှု အများဆုံးဒေသများ ဖြစ်သည်။

မိုးရာသီ ရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့လာရပြီး စစ်‌ရှောင်များအနေဖြင့် အနေအထိုင် ပိုမိုခက်ခဲလာနေကြကြောင်းလည်း သိရသည်။

ဇွန်လအတွင်းကလည်း ကန့်ဘလူခရိုင်အတွင်း၌  မြွေဆိုးကိုက်ခံရသည့် လူနာစုစုပေါင်း ၁၁ ဦးအထိ ရှိခဲ့ သည်ဟု  ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ ပြုစုထားသည့် စာရင်းအရ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly