အာဆီယံအထူးသံတမန်ရုံးအကြီးအကဲနှင့် လူငယ်တော်လှန်ရေးသမားများတွေ့ဆုံမှု ကောင်းမွန်သည့် တုံ့ပြန်မှုများရရှိခဲ့ဟုဆို

By 001 (မဇ္စျိမ)
11 July 2023
အာဆီယံအထူးသံတမန်ရုံးအကြီးအကဲနှင့် လူငယ်တော်လှန်ရေးသမားများတွေ့ဆုံမှု ကောင်းမွန်သည့် တုံ့ပြန်မှုများရရှိခဲ့ဟုဆို
Photo - ကရင်နီအမျိုးသားများ ကာကွယ်​ရေးတပ် KNDF တပ်ရင်း ၁၄ တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက​တွေ့ရစဥ် (KNDF)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရုံးအကြီးအကဲဖြစ်သူ သံအမတ်ကြီး Mr. Ngurah Swajaya နှင့် လူငယ်တော်လှန်ရေးသမားများတွေ့ဆုံမှုမှ ကောင်းမွန်သည့်ရလဒ်များနှင့် တုံ့ပြန်မှုများရရှိခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အဖွဲ့အစည်းများကပြောသည်။

အစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတွင်ပါဝင်နေသည့်အဖွဲ့အစည်းများဘက်မှ လူငယ်ကိုယ်စားလှယ် ၂၆ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း Progressive Voice - ရှေ့ပြေးအသံ က ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ အဓိကကတော့ အာဆီယံရဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ မြန်မာလူငယ်တွေပေါ့နော်။ တော်လှန်ရေးလုပ်နေတဲ့ မြန်မာလူငယ်တွေနဲ့တွေ့ဆုံတဲ့ဟာပါ။ အလွတ်သဘောတွေ့ဆုံပြီးတော့ advocacy လုပ်တဲ့အစည်းအဝေးပါ” ဟု တွေ့ဆုံပွဲ ပြောရေးဆိုခွင့်ရှိသူ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ-GSC ကိုယ်စားလှယ် ကြည်ငြိမ်းက ပြောသည်။

အာဆီယံအထူးသံတမန်ရုံး အကြီးအကဲအနေဖြင့် မြန်မာနိုင်ငံအတွင်းမှကိစ္စရပ်များ၊ ပြည်တွင်းရေးအခြေအနေများနှင့်ပတ်သက်ပြီး စိတ်ဝင်တစား မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ဆိုသည်။

လူငယ်များဘက်မှလည်း အာဆီယံအနေဖြင့် စစ်ကောင်စီအား ဆွေးနွေးဘက်အဖြစ် မသတ်မှတ်ဘဲ စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ပေးနိုင်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်စားလှယ် ကြည်ငြိမ်းကပြောသည်။

“ မြန်မာပြည်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ်ကို လေးစားပြီးတော့  ပြည်သူလူထုရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ အသံတွေအပေါ်မှာမူတည်ပြီးတော့ ထည့်သွင်းစဉ်းစားတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေ အာဆီယံရဲ့ လုပ်ငန်းတွေဖြစ်ဖို့ကို အဓိကဦးစားပေးပြီး တိုက်တွန်းခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

အစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ချမှတ်ခဲ့ပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာပြည်သူများအပေါ်ကျူးလွန်နေသည့် စစ်အုပ်စု၏အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံမှ ထိရောက်စွာတားဆီးနိုင်မှုမရှိခြင်းအပေါ် ထုတ်ဖော်တင်ပြဆွေးနွေးခဲ့ကြကြောင်း ရှေ့ပြေးအသံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိရောက်မှုမရှိသည့် အဆိုပါဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ထားရှိနေခြင်းက စစ်ကောင်စီကို နောက်ထပ်ရာဇဝတ်မှုများ ကျူးလွန်စေရန် အတင့်ရဲစေမည်ဖြစ်ပြီး မြန်မာပြည်သူများခံစားနေရသောဒုက္ခကို ပိုမိုဆိုးရွားစေမည်ဟုလည်း လူငယ်များက ပြောကြားခဲ့သည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ကျေးရွာများကို မီးရှို့မှု၊ တရားလက်လွတ်သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးရအခြေအနေများကို တင်ပြခဲ့ကြကြောင်းလည်းသိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required