ဆဲဗင်းဇူလိုင်နေ့ လှုပ်ရှားမှုအဖြစ် ပြင်ဦးလွင်မှ လူငယ်များ Online Photo Campaign ပြုလုပ် 

By ရောင်နီ (မဇ္စျိမ)
07 July 2023
ဆဲဗင်းဇူလိုင်နေ့ လှုပ်ရှားမှုအဖြစ် ပြင်ဦးလွင်မှ လူငယ်များ Online Photo Campaign ပြုလုပ် 

စစ်အာဏာရှင်၏ ယုတ်မာရက်စက်မှုနှင့် ကျောင်းသားများအား ယုတ်မာရိုင်းစိုင်းခဲ့ပုံကို မမေ့ကြစေရန် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် Online Photo Campaign လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ပြင်ဦးလွင်မှ လူငယ်များက ပြုလုပ်ကြသည်။ 

“၇.၇.၆၂ မမေ့ကြနဲ့” “အဆောက်အဦဖြိုတိုင်း ငါတို့ သမဂ္ဂစိတ်ဓာတ်မပြို” ဟု စာသား ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ လူမှုကွန်ရက်မှ တစ်ဆင့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

အဆိုပါ ဆဲဗင်းဇူလိုင်အထိမ်းအမှတ် Online Photo Campaign လှုပ်ရှားမှုတွင် မေမြို့ပင်မအထွေထွေသပိတ်အင်အားစု၊ Daung Twin Federal Education School ကျောင်းသားသမဂ္ဂတို့နှင့် လူငယ်များ အတူတကွ ပူးပေါင်းပါ၀င်ခဲ့ကြသည်။ 

“ မေမြို့ဆိုတဲ့ ပြင်ဦးလွင်ဟာ စစ်တပ်တွေ အများဆုံးရှိရာမြို့ဖြစ်ပါတယ်။ အစစ်ဆေး အတားအဆီးတွေရှိတဲ့ကြားက အာဏာရှင်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေခဲ့ကြတာဟာ မေမြို့ရဲ့ အများထဲကမှ အနည်းငယ်လောက်သာ ရှိကြတဲ့ စိတ်ဓာတ်တွေပဲဖြစ်ပါတယ်” ဟု လှုပ်ရှားမှုတွင် ပါ၀င်ခဲ့သူတစ်ဦးက မဇ္စျိမကို ပြောသည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ခေါင်းဆောင်များက ကျောင်းသားထုကိုသတ်ဖြတ်ခြင်း၊ ရန်ကုန်တက္ကသိုလ်အတွင်းရှိကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခြင်းများပြုလုပ်၍ ရက်စက်ယုတ်မာခဲ့သည်မှာ ယနေ့တွင် ၆၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့အချိန်အထိ ဆက်လက် ယုတ်မာဆဲဖြစ်သည့် စစ်တပ်ကို ပြည်သူများအနေဖြင့် မမေ့ကြရန်လည်း မေမြို့ပင်မအထွေထွေသပိတ်အင်အားစုက တိုက်တွန်း နှိုးဆော်ထားသည်။

၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း အချက် ၂၂ ချက်ပါသည့် တက္ကသိုလ်ကျောင်းဆောင် စည်းကမ်းချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး ထိုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားများဘက်ကလည်း ဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် ကျောင်းသားများ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အဦလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly