မင်းတပ်မြို့နယ်ရှိ လူငယ်များကို  ပြည်တွင်း၊ ပြည်ပသို့  စေလွှတ်ခြင်း မပြုကြရန်  မြို့နယ် ပအဖ မေတ္တာရပ်ခံ

By ကိုခင်မောင် (မဇ္ဈိမ)
10 June 2023
မင်းတပ်မြို့နယ်ရှိ လူငယ်များကို  ပြည်တွင်း၊ ပြည်ပသို့  စေလွှတ်ခြင်း မပြုကြရန်  မြို့နယ် ပအဖ မေတ္တာရပ်ခံ

ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ လူငယ်၊ လူရွယ်များကို  ပြည်တွင်း၊ ပြည်ပသို့  ပညာသင်ကြားရန်အတွက်ဖြစ်စေ၊ အလုပ် လုပ်ကိုင်ရန်ဖြစ်စေ  စေလွှတ်ခြင်း မပြုရန်ရန်  မေတ္တာရပ်ခံသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ 

တော်လှန်‌ရေးကာလအတွင်း  ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေဖြင့်  မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်၊ အိုးအိမ် နှင့် စည်းစိမ်များ ကာကွယ်စောင့်ရှောက်ရန် လူငယ်များ ပိုမိုလိုအပ်လာခြင်းကြောင့် ထိုသို့ တိုက်တွန်းထားခြင်းဖြစ်ကြောင်းသိရသည်။  

“ နိုင်ငံခြားကိုအလုပ်လုပ်ဖို့ ထွက်ခွာတာတွေများနေလို့ပါ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။ 

အာဏာသိမ်းကာလအတွင်း ဒေသခံလူငယ်များ၊ CDM လူငယ်များအပါအဝင် အရွယ်ကောင်းလူငယ်များသည် အလုပ်အကိုင်ရှားပါးမှုကြောင့် မြို့နယ်အတွင်းမှ နိုင်ငံခြားသို့ ထွက်ခွာမှုသည်  အရင်အချိန်ထက် ပိုများနေသည်ဟု မင်းတပ်မြို့နယ် ဒေသခံများက ပြောသည်။ 

ယခုကာလအတွင်း ကလေးသူငယ်များ၏ ပညာရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ  နေရာဒေသအလိုက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းလည်း မြို့နယ် ပကဖ ကဆိုသည်။ 

“CDM တွေ၊ စေတနာ့ဝန်ထမ်းတွေအတွက်  ထက်၊လယ် နည်းပြသင်တန်းကို   မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်တွေမှာ  ဧပြီလ၊မေလအတွင်းမှာ ပြုလုပ်ပြီးစီးပါတယ်” ဟု မင်းတပ်မြို့နယ်တွင်  ကြားကာလ ပညာရေးကို ဉီးဆောင်နေသူ တစ်ဦးက ပြောသည်။

ထို့အပြင် မိဘပြည်သူများအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များကို စစ်ကောင်စီက ဖွင့်လှစ်သည့် ကျောင်းများသို့ ကျောင်းအပ်နှံခြင်းမလုပ်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမေတ္တာရပ်ခံထားသည်။ 

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ကလည်း    "အားယူထပျံ  အောက်ချင်းအားမာန်" ကမ်ပိန်းတွင် မိဘပြည်သူများအနေဖြင့် အားတက်သရော ပါဝင်ပေးကြရန်  မေတ္တာရပ်ခံထားသည်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly