ပြင်ဦးလွင်တွင် ဆောင်ရွက်မည့် “ဖက်ဒရယ်စမ်းရေ” စီမံကိန်း ပြည်သူများဝိုင်းဝန်းပါဝင်ပေးကြရန် KNDF ဥက္ကဋ္ဌ တိုက်တွန်း

By 001(မဇ္စျိမ)
07 October 2023
ပြင်ဦးလွင်တွင် ဆောင်ရွက်မည့် “ဖက်ဒရယ်စမ်းရေ” စီမံကိန်း ပြည်သူများဝိုင်းဝန်းပါဝင်ပေးကြရန် KNDF ဥက္ကဋ္ဌ တိုက်တွန်း

ပြင်ဦးလွင်မြို့ ၊ မန္တလေး - လားရှိုး လမ်းမကြီး မြောက်ဘက် တပ်မတော်နည်းပညာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်ပိုင်မြေဧက ၃၀၀ ခန့်ကို စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်ရာမြေများ ဖော်ထုတ်ရောင်းချမည့်”ဖက်ဒရယ်စမ်းရေ” စီမံကိန်းတွင် ပြည်သူများ ဝိုင်းဝန်းပါဝင်ပေးကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးက တိုက်တွန်းလိုက်သည်။

အဆိုပါ အိမ်ရာစီမံကိန်း မြေကွက်များကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ ညဦးပိုင်းအချိန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း မြေကွက်သတ်မှတ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကိုသာ ပေးသွင်းရန်လိုပြီး တော်လှန်ရေးကာလအပြီး စီမံကိန်းပြင်ဆင်ချိန်တွင် ကျန် ၆၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ The End of Dictatorshipက ထုတ်ပြန်ထားသည်။

စီမံကိန်းမှ ရောင်းချရငွေများကို ကာကွယ်ရေးတွင် အရေးပါသည့် သုံးစွဲမှုများအတွက် ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် ဒေသအလိုက် လုပ်ဆောင်ရမည့် ပညာရေး၊ ကျန်းမာရေး အပါအဝင် တော်လှန်ရေးကာလအတွင်း အခက်အခဲကြုံတွေ့နေရသည့် ပြည်သူလူထုအတွက် ပံ့ပိုးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် တော်လှန်ရေးရဲဘော်များအတွက် အသုံးပြုခြင်း စသည့် ကဏ္ဍရပ်များတွင်လည်း ခွဲဝေသုံးစွဲသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကလည်း IEC ပေါ့နော်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့က ဒီဟာကို ထောက်ခံတယ်။ အထူးသဖြင့် ကျွန်တော်တို့အနေနဲ့ပေါ့နော်။ KNDF အနေနဲ့လည်း လက်ရှိရောင်းချမယ့်စီမံကိန်းမှာ ပြည်သူတွေက ထည့်ဝင်ပေးခြင်းအားဖြင့် ဒီတော်လှန်ရေးကို ပိုအားရှိစေသလို ခုနကပြောတဲ့ ပြည်နယ်အစိုးရဘက်ကလုပ်ရမယ့် အလုပ်တာဝန်တွေကိုလည်း ကျွန်တော်တို့ ပိုပြီးလုပ်နိုင်မှာဖြစ်သလို လူထုတွေ အထူးသဖြင့် ထိခိုက်နစ်နာနေတဲ့ရဲဘော်တွေ အားလုံးက ပိုပြီးမှ အကူအညီတွေရပြီးမှ တော်လှန်ရေးကိုပိုပြီးမှ အားကောင်းစေမယ်လို့ ယုံကြည်တဲ့အတွက်အခုလိုမျိုးတိုက်တွန်းခြင်းဖြစ်ပါတယ်ဗျ”ဟု KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက မဇ္စျိမကို​ ပြောသည်။

စီမံကိန်းတွင် စီးပွားရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ × ပေ ၂၀၀ အကွက်များအား မန္တလေး-လားရှိုးလမ်းမကြီးဘက်ခြမ်းတွင် ဖော်ဆောင်မည်ဖြစ်ပြီး စီမံကိန်းအတွင်းဘက်တွင် ပေ ၄၀ × ပေ ၈၀ အကွက်၊ ပေ ၈၀ ပတ်လည်အကွက်၊ တဧက အကွက်များအား လူနေအိမ်ရာမြေကွက်များအဖြစ် ဖော်ထုတ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြေကွက်ဈေးနှုန်းများမှာ အမေရိကန်ဒေါ်လာ ၃၆၀,၀၀၀ မှ ၂၈,၈၀၀ အတွင်း ဈေးနှုန်းအမျိုးမျိုးရှိပြီး တော်လှန်ရေးကာလအတွင်း သတ်မှတ် ၄၀ ရာခိုင်နှုန်းအား တကြိမ်တည်းပေးသွင်းပါက ဒေါ်လာ ၁၄၄,၀၀၀ မှ ၁၁,၅၂၀ အတွင်း၊ သုံးလအတွင်း သုံးကြိမ်ခွဲသွင်းပါက ဒေါ်လာ ၄၈,၀၀၀မှ ၃,၈၄၀ အတွင်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မြေကွက်အမျိုးအစားကို ဂရန်မြေသတ်မှတ်ထားကာ တော်လှန်ရေးကာလအတွင်း ၄၀ ရာခိုင်နှုန်းပေးသွင်းပြီးပါက ကနဦးပိုင်ဆိုင်မှုအထောက်အထားအဖြစ် အာမခံစာချုပ်ထုတ်ပေးမည်ဖြစ်ကြောင်း The End of Dictatorship ကကြေညာထားသည်။

“တော်လှန်ရေးကာလမှာက အခက်ခဲတွေကိုယ်စီရှိကြတယ်။ စီးပွားရေးတွေလည်းကျတယ်လို့ နားလည်တယ်။ အခက်အခဲတွေ ပိုရှိပါတယ်။ ဒါပေမဲ့ အခု ပြင်ဦးလွင် ပရောဂျက်ကို အနည်းဆုံး ၈၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းအထိ အမြန်လေးရောင်းချနိုင်ဖို့လိုသလို နောက်ထပ် ကျွန်တော်တို့ ကရင်နီမှာက လက်တွေ့ကျကျ တော်လှန်ရေးကာလမှာတောင် လာနေလို့ရတဲ့ ပရောဂျက်တွေ လာပြီးမှ စီးပွားရေး လူမှုရေးလုပ်ငန်းတွေ လာလုပ်လို့ရတဲ့ ပရောဂျက်တွေလည်းထပ်ပြီးမှ ရောင်းချဦးမှာပေါ့။ အဲ့ဒီအချိန်မျိုးမှာလည်း ထပ်ပြီးပါဝင်ကြဖို့လိုတယ်။ ဒီဟာတွေက ကျွန်တော်တို့အခုပြောတဲ့ ၂၀၂၃ အာဏာရှင်ဖြုတ်ချရေးအတွက်ကို အမြန်ဆုံးအားသစ်ခွန်သစ်လောင်းပေးနိုင်ဖို့အတွက်ကိုဖြစ်တဲ့အတွက် ကျွန်တော်တို့ ကရင်နီကနေလည်း တိုက်တွန်းနှိုးဆော်ရင်း အခုလို တခါတည်း စီမံကိန်းကိုလည်းကြေညာလိုပါတယ်”ဟု  KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ဆိုသည်။

အဆိုပါ ဖက်ဒရယ်စမ်းရေစီမံကိန်းအား နိုင်ငံခြားသားများလည်းဝယ်ယူနိုင်ပြီး တော်လှန်ရေးအလွန်ကာလတွင် နွေဦးရင်းနှီးမြှုပ်နှံမှုမြေကွက်များကို နိုင်ငံခြားသားမြေပိုင်ဆိုင်မှုအာမခံသည့် သီးသန့်အမိန့်ဒီကရီဥပဒေများ ပြဌာန်းပြီး တော်လှန်ပြည်သူများအား အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က အသိပေးထားသည်။

လက်ရှိတွင် စီမံကိန်းမြေကွက်များ စတင်ရောင်းချမည့်ရက် မရောက်ခင် ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့အထိ ဝယ်ယူရန် ကြိုတင်စာရင်းသွင်းထားသည့် ပမာဏ ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်ရှိကြောင်း NUG ၊ The End of Dictatorship က အသိပေးထားသည်။

စာတည်း။    ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required