ဝေဖန်ခံရသည့်နောက် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘုတ်အကောင့်ကို ဖျက်သိမ်း

ဝေဖန်ခံရသည့်နောက် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘုတ်အကောင့်ကို ဖျက်သိမ်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် အတိုက်အခံများအား ရိုက်နှက်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီယိုပို့စ် ဖေ့ဘုတ်ပေါ်၌ တင်ခဲ့ခြင်းအတွက် ခြောက်လကြာ သုံးစွဲခွင့် တားမြစ်ခံသင့်သည်ဟု Meta ကုမ္ပဏီ ကြီးကြပ်ရေးဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းမှာပင် ဟွန်ဆန်က ၎င်း၏ ဖေ့ဘုတ်အကောင့်ကို ကြာသပတေးနေ့ နှောင်းပိုင်း၌ ဖျက်သိမ်းလိုက်သည်။

ဟွန်ဆန်က ၎င်း၏ တယ်လီဂရမ်အကောင့်တွင် ကြာသပတေးနေ့နှောင်းပိုင်းက ပို့စ်တင်ရာ၌ လက်ရှိတွင် တယ်လီဂရမ်မှနေ၍ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရသည်က ပို၍ ကောင်းမွန်ပြီး ပို၍ ထိရောက်သည်ဟု ပြောဆိုထားသည်။

“ကျွန်တော် ဖေ့ဘုတ်သုံးတာရပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဖေ့ဘုတ်မှာ ကျွန်တော်က follower ၁၄ သန်းကျော် ရှိတာပါ၊ ကျွန်တော်ရဲ့ လက်ထောက်ကို ကျွန်တော့် ဖေ့ဘုတ်အကောင်ကို ချက်ချင်းဖျက်ဖို့ တောင်းဆိုထားခဲ့တယ်၊ ဖေ့ဘုတ်ကနေ ကျွန်တော်ရဲ့ နာမည်ကို ဖျက်ပစ်ဖို့လည်း ကုမ္ပဏီဆီ အကြောင်းကြားသွားမယ်”ဟု ခမာစာဖြင့် ၎င်းက ရေးသားသည်။ ဟွန်ဆန်သည် တယ်လီဂရမ်၌ subscribers ပေါင်း ၈၅၅,၀၀၀ ရှိထားသည်။

ဖေ့ဘုတ်ပေါ်က ၎င်း၏ ပို့စ်သည် ကုမ္ပဏီ၏ စံချိန်စံညွှန်းကို ချိုးဖောက်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိပြီး အတိုက်အခံများအား ခြိမ်းခြောက်သည့် မှတ်တမ်းဖြစ်နေသည်ကိုတော့ ဟွန်ဆန်က ပြောဆိုခြင်း မရှိပေ။

ယင်းအစား လူများက ၎င်း၏ အကောင့်ကို အတုပြုလုပ်နေခြင်းများကြောင့် ဖေ့ဘုတ်မှ ထွက်ခွာခြင်း ဖြစ်သည်ဟု ပြောသည်။ ဟွန်ဆန်၏ အတိုက်အခံများအား ခြိမ်းခြောက်သည့် ဗီဒီယိုကြောင့် အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သည်ဟု ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဖေ့ဘုတ်က အကောင်အထည် ဖော်မဖော် ရက် ၆၀ အချိန်ရထားချိန်၌ ဟွန်ဆန်က လက်ဦးမှုယူကာ အကောင့်အား ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။

ဖေ့ဘုတ်သုံးစွဲနေကြ ဟွန်ဆန်သည် ဇန်နဝါရီလအတွင်းက live ဗီဒီယိုတစ်ခုကို ဖေ့ဘုတ်ပေါ် တင်ခဲ့သည်။ ယင်းဗီဒီယို၌ အာဏာရ CPP ပါတီက ၂၀၂၂ ရွေးကောက်ပွဲ၌ မဲခိုးသည်ဟု စွပ်စွဲသော အတိုက်အခံများကို ဟွန်ဆန်က ပြောဆိုခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

၄၁ မိနစ်ကြာ ခမာလို ပြောဆိုရာတွင် သူ့အား ဝေဖန်သူများအနေဖြင့် တရားရုံးတွင်  တရားရင်ဆိုင်ရမည်ဟု ပြောဆိုသကဲ့သို့ CPP ပါတီကို စုရုံးပြီး ဆန့်ကျင်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သကဲ့သို့ ခင်ဗျားတို့ကို ရိုက်နှက်မည်ဟုလည်း ပြောဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုကို ကြည့်ရှုသူပေါင်း ၆၀၀,၀၀၀ နီးပါးရှိပြီး ယင်းပြောဆိုချက်နှင့် ပတ်သက်ကာ ဖေ့ဘုတ်အား ပိုင်ဆိုင်သည့် Meta ကုမ္ပဏီသို့ အကြမ်းဖက်မှု လှုံ့ဆော်သည်ဟု တိုင်တန်းကြခြင်း ဖြစ်သည်။ ကုမ္ပဏီ၏ စည်းကမ်းထိန်းသူများက ယင်းဗီဒီယိုသည် ကုမ္ပဏီ၏ စံချိန်စံညွှန်းကို ချိုးဖောက်သည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ဗီဒီယိုမှာ သတင်းတန်ဖိုးရှိ၍ အွန်လိုင်းတွင် ဆက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့က မတ်လ၌ ပြန်လည်သုံးသပ်မှု စတင်ရာတွင် ဖေ့ဘုတ်၏ ဆုံးဖြတ်ချက်သည် မှားယွင်းပြီး ယင်း ဗီဒီယိုကို ဖြုတ်ချသင့်သည်ဟု အဆုံးအဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://asia.nikkei.com/Spotlight/Hun-Sen-s-Cambodia/Cambodian-PM-Hun-Se...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly