ခင်ဦးတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၉ ဦး အပြင်းအထန် ဒဏ်ရာရ

By လွှမ်းမိုး (မဇ္ဈိမ)
27 June 2023
ခင်ဦးတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၉ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇွန်လ ၂၄ ရက်နေ့တွင် တဲစုကျေးရွာသို့ရောက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ကာ နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Khin U Specialforce Organization (KSO) ထံမှ သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတဦးသေဆုံးကာ ကိုးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း KSO သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်က တဲစုကျေးရွာရောက်တော့ လက်နက်ကြီးနဲ့ သုံးချက်ရမ်းပြီး ပစ်ပါတယ်။ အဲဒီလက်နက်ကြီးက တဲစုကျေးရွာက စစ်ရှောင်တွေဆီကျပြီး ၄၅ နှစ်အရွယ် အမျိုးသမီး တဦးသေဆုံးကာ ကိုးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တာပါ” ဟု ၎င်းကဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် တဲစုကျေးရွာမှ ဒေသခံများ၏နေအိမ်များအတွင်းရှိ ပစ္စည်းများကို မွှေ နှောက်ခိုးယူပြီး ကားနှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် အလယ်လျှို၊ ယောက်သွားအိုင်၊ စိုင်ဂေါင်း၊  အုန်းပင် ကုန်း၊ ပေါက်ကန်၊ သောက်ကန်၊  ရွာစဉ်ကျေးရွာများမှ ဒေသခံ ၄,၀၀၀ ကျော်စစ်ရှောင်နေရကြောင်း သိရ သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ အလယ်လျှိုကျေးရွာ တွင်ရောက်ရှိနေပြီး ခရီးသွားပြည်သူများ၏ ကားများကိုတားဆီးစစ်ဆေးကာ ငွေတောင်းခံနေကြောင်း KSO သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required