အရာတော်တွင် အစည်းအ၀ေး ပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ သေဆုံးမှုများရှိဟုဆို

By ရောင်နီ (မဇ္စျိမ)
22 June 2023
အရာတော်တွင် အစည်းအ၀ေး ပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ သေဆုံးမှုများရှိဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူ ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Danger Force LPDF တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။ 

 ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးရန် အစည်းအ၀ေးပြုလုပ်နေသည့် အဆောက်အဦနှင့် ကတုတ်ကျင်းများပေါ်သို့   ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးချကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ သူတို့ အစည်းအ၀ေးလုပ်နေတဲ့ အဆောက်အဦနဲ့ ကတုတ်ကျင်းတွေပေါ်ကို ဦးတည်တိုက်ခိုက်တာပါ။ ဒရုန်း ၁၄ ကြိမ် အသုံးပြုပြီး ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။”​ဟု Danger Force LPDF မှ ပြန်ကြားရေးတာ၀န်ခံ ကိုမာန်ဟုန်က မဇ္စျိမကို ပြောသည်။ 

တိုက်ခိုက်မှုတွင် အစည်းအဝေးပြုလုပ်နေကြသည့် အဆောက်အဦအတွင်းက  ၁၅ ဦးနှင့် ကင်းစောင့်နေသည့် ကင်းသမား နှစ်ဦး စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF က သတင်းထုတ်ပြန်ထားသည်။ 

“ စစ်ကောင်စီတပ်နဲ့ ပျူစောထီး သေဆုံးစာရင်းကတော့ ဒေသတွင်း သတင်းပေးတွေဆီက သိရတာပါ။” ဟု ၎င်းက ဆိုသည်။ 

ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။ 

ထို့အပြင် တိုက်ခိုက်မှုအတွင်း ကတုတ်ကျင်းထဲ ၀င်ပြေးသည့် စစ်ကောင်စီတပ်ဘက်မှ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်ရှိအချိန်တွင် အရာတော်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း  Danger Force LPDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၁) နဂါးနီတပ်ရင်း ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၇ )Zeroပြောက်ကျား၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF Drone Force၊ NDRFနှင့် အောင်သပြေညီနောင်(မြင်းမူ Local PDF) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအနီးတစ်၀ိုက် ရမ်းသန်းပစ်ခတ်မှုများရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာတွင် စစ်ကောင်စီတပ်အင်အား ၃၀ ခန့်က အာဏာသိမ်းပြီးသည့် နောက်ပိုင်းအချိန်မှ စတင်ကာ တပ်စွဲထားပြီး ပျူစောထီးများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။ 

ထိုသို့ တပ်စွဲပြီးသည့်နောက် အနီးနားရှိ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ ကျေးရွာအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်သန်းပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required