ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အာဆီယံ ရွှေ့ဆိုင်း

ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အာဆီယံ ရွှေ့ဆိုင်း

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံသည် ပထမဆုံးဖြစ်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ရွှေ့ဆိုင်းကြောင်း အင်ဒိုနီးရှားစစ်တပ်က အင်္ဂါနေ့တွင် ပြောပြီး တရုတ်နှင့် အငြင်းပွားသော ရေပြင်မှ ဝေးရာတွင် ပြုလုပ်မည်ဖြစ်သည်။

အာဆီယံအဖွဲ့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကနဦးက မြောက်နာတူနာပင်လယ်တွင် ပြုလုပ်ရန် ရွေးချယ်ထားခြင်း ဖြစ်သည်။ အဆိုပါ ရေပြင်မှာ အင်ဒိုနီးရှားက အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားသော်လည်း တရုတ်၏ ရေယာဉ်များ မကြာခဏ ကင်းလှည့်နေခြင်း ဖြစ်သည်။

အင်ဒိုနီးရှားကို ဆန့်ကျင်ပြီး တရုတ်သည် အဆိုပါ ရေပြင်ကို ၎င်းပိုင်အဖြစ် အတည်ပြုဆိုနေပြီး အိမ်နီးချင်းနိုင်ငံများက ကန့်ကွက်ထားသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် တော်တော်များများကို ၎င်းပိုင်အဖြစ် အတည်ပြုထားရာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများက ကန့်ကွက်ထားသည်။

ယခု အာဆီယံ၏ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၈ မှ ၂၅ ရက်အတွင်း တောင်နာတူနာပင်လယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားစစ်တပ်က ထုတ်ပြန်ရာ အငြင်းပွားရေပြင်ကို ရှောင်ရှားခြင်းပဲ ဖြစ်သည်။

အာဆီယံအနေဖြင့် အမေရိကန်နှင့် တရုတ်တို့နှင့် ယခင်က ရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ဖူးသော်လည်း အဖွဲ့ကြီးသက်သက် စစ်ရေးလေ့ကျင့်မှု မပြုလုပ်ဘူးပေ။

ယခု စစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းခြင်းကို အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနှင့် အဖွဲ့ဝင်နိုင်ငံအချို့ကြား စီစဉ်ထားသော ညှိနှိုင်းဆွေးနွေးပွဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အင်ဒိုနီးရှားစစ်တပ်က ပြောသော်လည်း အဆိုပါ ဆွေးနွေးပွဲသို့ မည်သည့်နိုင်ငံများ တက်ရောက်သည်၊ ပျက်ကွက်သည်ကို မပြောဆိုပေ။

တရုတ်၏ ဒေသတွင်း မဟာမိတ်ဖြစ်သော ကမ္ဘောဒီးယားက စစ်ရေးလေ့ကျင့်မှုများသို့ တက်ရောက်ရန် အတည်ပြုခြင်းကို ငြင်းဆန်သည်။

စစ်ရေးလေ့ကျင့်မှုသို့ အာဆီယံ ၁၀ နိုင်ငံစလုံးမှ စစ်ခေါင်းဆောင်များ တက်ရောက်ကြလိမ့်မည်ဟု အင်ဒိုနီးရှား စစ်တပ်၏ အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် ရေပြင်လုံခြုံရေးနှင့် ကယ်ဆယ်ရေးတို့ကို ဦးတည်ပြီး တိုက်ခိုက်ရေးစစ်ဆင်မှုများ ပါဝင်မည် မဟုတ်ဟု အင်ဒိုနီးရှား စစ်ဦးစီးချုပ် ယုဒို မာဂိုနိုက သတင်းထောက်များအား ယခုလ အစောပိုင်းက ပြောထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/asean-moves-joint-drills-disputed-south-...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required