အစိုးရသစ်လက်ထက် ရခိုင်သယံဇာတ အလွန်အကျွံထုတ်ယူမှု ရပ်တန့်ရန် တောင်းဆိုမည်

အစိုးရသစ်လက်ထက် ရခိုင်သယံဇာတ အလွန်အကျွံထုတ်ယူမှု ရပ်တန့်ရန် တောင်းဆိုမည်
ကျောက်ဖြူ  ရွှေသဘာဝပိုက်လိုင်း။ ဓာတ်ပုံ-ကျော်မင်း

မတ် ၃၁ ရက် ။            ။ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူနေမှုများနှင့် ပတ်သက်ပြီး ရပ်တန့်နိုင်ရန် လှုပ်ရှားမှုတစ်ခုကို မကြာမီ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ပေါ့နော်၊ ကိုယ်ပိုင်စီမံပိုင်ခွင့် (ownership) အတိုင်း ပြန်လည်ပြုပြင်နိုင်ရေးအတွက် ရခိုင်တစ်ပြည်နယ်လုံးအနှံ့ကို ကျွန်တော်တို့ လူထုရဲ့ လက်မှတ်တွေကို ကောက်ယူသွား မှာပါ။ အချိန်အားဖြင့် ဒီနှစ်မှာ ဧပြီလကနေ ဇွန်လအထိ နှစ်လကျော်လောက်ကို သတ်မှတ်ထားပါတယ်။" ဟု ရခိုင်ပြည်နယ်သဘာဝသယံဇာတ ဆိုင်ရာ ကွန်ရက်မှ ဦးဇေယျာကျော်က မဇ္ဈိမကို ပြောကြား ခဲ့သည်။

အဆိုပါ ပြောကြားမှုကို မတ် ၂၉ ရက်နေ့မှ မတ်  ၃၀ ရက်နေ့ထိ စစ်တွေတွင် ပြုလုပ်ခဲ့သည် သဘာဝသယံဇာတဆိုင်ရာ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ဆုံးရှုံးနေမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမှုကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုနှင့် ချင်းပြည်နယ် ပက်လက်ဝမြို့နယ်တို့မှ ကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ စိတ်ဝင်စားသူများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

လတ်တလော ရခိုင်ပြည်နယ်မှ ကျောက်ဖြူရွှေဂက်စ်စီမံကိန်း၊ တောင်ကုတ် နေပူတောင်စီမံကိန်းများမှ သယံဇာတ ထုတ်ယူမှုများသည် အစိုးရအကူးအပြောင်းကာလတွင် ပိုမို များပြားလာနေကြောင်း ရခိုင်ပြည်နယ်သဘာဝသယံဇာတ ဆိုင်ရာ ကွန်ရက်က ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကနဦးလှုပ်ရှားမှုအဖြစ် ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ လူထုလက်မှတ်ကောက်ခံပြီး တင်ပြသွားမည် ဖြစ်ပြီး အစိုးရသစ်အနေနှင့် ပြောင်းလဲမှုကို မလုပ်ပေးနိုင်ဟု ဆိုပါက တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် လူထုဆန္ဒဖော်ထုတ်သွားရန် အစီအစဉ်ရှိကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက သဘောတူညီခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required