ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ 

By ရောင်နီ (မဇ္စျိမ)
21 June 2023
ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ကင်းပုန်း၀ပ်နေသည့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သေနတ်များ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေး၀န်ကြီးဌာနက ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာမှ ပျူစောထီး လေးဦး စပါးသယ်ယူရန် ကင်းပုန်း၀ပ်စောင့်ဆိုင်းနေစဥ် ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်က  ဆင်အင်းရွာနှင့် မြင်းစီးရွာအကြားတွင် ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ စပါးသယ်တာတွေက သူတို့အမြဲတမ်း လုပ်ဆောင်နေကြတာပါ။ တောင်သူတွေစိုက်ပျိုးထားတဲ့ လယ်ထဲက စပါးတွေကို ရိတ်သိမ်းတဲ့အချိန်ကျမှ လာသယ်တာတွေလည်းရှိတယ်။ အဲ့နေ့ကတော့ ဆင်အင်းရွာမှာ  သိမ်းထားတဲ့စပါးတွေ ခိုးထားတဲ့ စပါးတွေကို သယ်တာပါ၊တိတိကျကျတော့ မသိရပါဘူး “ ဟု ရွှေဘိုအနောက်ခြမ်း ပကဖ တာ၀န်ရှိသူ ဗိုလ်သူရိန်က မဇ္စျိမကို ပြောသည်။ 

ထိုသို့ စပါးသယ်ယူရန် ကင်းပုန်း၀ပ်နေသည့် ပျူစောထီးများကို တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှုအချိန်  ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး လေးဦးစလုံး သေဆုံးခဲ့ကာ လက်နက်အပါအ၀င် စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာနက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ 

ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် လက်နက်များမှာ ကာဘိုင် သုံးလက်၊ AK-47 တစ်လက်၊ ကျည် ၂၉၆ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ ကျည်ဘောက် လေးခုနှင့် ချပ်ဝတ်တန်ဆာ လေးခုတို့ ဖြစ်သည်။ 

“ အဲ့နေ့က သူတို့လက်နက်တွေပါသွားတော့ အတင်းပြန်လိုက်ရှာတယ်၊ ပုဇင်းခေါင်းကား တစ်စီးနဲ့လည်း စစ်ကူလာတယ်၊ အဲ့ကားကိုလည်း မိုင်းဆွဲတိုက်ခိုက်တာမှာ ကားကပက်လက်လန်သွားတယ်၊ အထိအခိုက်တော့ မသိရသေးဘူး” ဟု ရွှေဘိုအနောက်ခြမ်းပကဖ တာ၀န်ရှိသူက ဆက်ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင် တပ်ရင်း (၄) နှင့် ဆင်အင်းရွာ(ပကဖ) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က သတင်းထုတ်ပြန်ထားသည်။  

ရွှေဘိုမြို့နယ်ရှိ မြင်းစီးကျေးရွာနှင့် ဆင်အင်းကျေးရွာသည် ပျူစောထီးကြီးစိုးအားကောင်းသည့် ကျေးရွာများဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုခံရပြီး လက်နက်ဆုံးရှုံးမှုရှိခဲ့သည့် စစ်ကောင်စီတပ်က ယင်းကျေးရွာများတွင် အင်အားတိုးမြှင့်ချထားမှုများရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။ 

ထို့အပြင် မြင်းစီးကျေးရွာအနီးတွင်ရှိသည့် စိုက်ပျိုးရေးကျောင်းတွင်လည်း စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းထားကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နယ်မြေတစ်၀ိုက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly