သိမ်ဇရပ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးသေဆုံး၊ ကလေးငယ် အပါအဝင် ၄ ဦးဒဏ်ရာရ

By ဂျူချန်း ၊ YT (မဇ္ဈိမ)
17 June 2023
သိမ်ဇရပ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးသေဆုံး၊ ကလေးငယ် အပါအဝင် ၄ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ၊ရွာလေးရပ်ကွက် (၈) လမ်း (ကွက်သစ်ပိုင်း) တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဇွန်လ ၁၆ ရက် ည ၇နာရီခွဲဝန်းကျင်တွင် သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ၏ အမတ(၃၁၀) အမြောက်တပ်မှ လက်နက်ကြီး ကိုးလုံး ပစ်ခတ်ခဲ့ရာ ရွာလေးရပ်ကွက် (၈) လမ်း ရှိ နေအိမ်နှစ်လုံးကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မအေးနွယ်(၃၇နှစ်) သည် ရင်ဘတ်တွင် ကျည်စထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။ 

“အခုထိခိုက်တဲ့ ပြည်သူတွေက ရဲစခန်းနဲ့ ကပ်နေတဲ့ ရပ်ကွက်ပဲ။ အဲ့ အိမ်နှစ်လုံးက လူတွေ၊ စုစုပေါင်း ငါးယောက်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူများသည် သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထိုည ၇ နာရီခွဲအချိန်တွင် အမတ (၃၁၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကိုးလုံးသည် ရွာလေးရပ်ကွက်(၈)လမ်းအပြင် ကျောက်တန်းလေးကျေးရွာ၊ ကျောက်ပုံကြီးကွင်း၊ ကညင်အိုင်ကျေးရွာအပြင်ဘက်တို့တွင်လည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

"ဒီဘက်က သွားပစ်တာမျိုးလည်းမရှိဘူး၊ တိုက်ပွဲလဲမရှိဘူးလေ။ ဘာမှမရှိဘဲနဲ့ကို လက်နက်ကြီးနဲ့ထုတာ။ ဒီကောင်တွေကတော့ ဒီလိုပါပဲ၊ လက်နက်တွေ ကျည်တွေပေါတိုင်း ထင်တိုင်းကြဲနေကြတာ၊ ညက ပစ်တာ ကျောက်ပုံကြီးအထိ ရောက်တယ်၊ အဓိကက အပေါ် ( KNU တပ်မဟာ (၁)၊ တပ်ရင်း (၃)နယ်မြေအတွင်း) ကို ပစ်ချင်တာပေါ့"  ဟု တပ်မဟာ (၁)၊ တပ်ရင်း (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။

အမတ (၃၁၀) မှ လက်နက်ကြီးပစ်ခတ်ချိန်တွင် သိမ်ဇရပ်ရဲစခန်းမှလည်း လက်နက်ငယ် ပစ်ခတ်မှုများရှိခဲ့ပြီးနောက် မြို့ထဲ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

သိမ်ဇရပ်မြို့ အခြေစိုက် အမတ(၃၁၀) နှင့် ခမရ(၂၀၇) တပ်တို့သည်  လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားထိခိုက်မှုများလည်း ရှိကြောင်း သိရသည်။ 

မေလ ၃ ရက်နေ့တွင်လည်း သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ ဦးရာဇာ၏ နေအိမ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ  ဦးရာဇာနှင့် ၎င်း၏ ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက် ညပိုင်းကလည်း သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ပုံကြီးကွင်းနှင့် ရေကျော်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကျောက်ပုံကြီးကွင်းမှ ဒေသခံလင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required