ဆားတောင်မြို့နယ် သာဇင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ သေဆုံးဟုဆို

By လွှမ်းမိုး (မဇ္ဈိမ)
15 June 2023
ဆားတောင်မြို့နယ် သာဇင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာအနီးတွင် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်ကာ သုံးရက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါသုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့မှကိုသက်ကြီးက ပြောသည်။

“သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးတယ်။ တိုက်ပွဲမှာက လက်နက်ကြီး ငယ်အစုံနဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဘက် ရဲဘော်တွေ အထိအခိုက် ရှိပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ကိုသက်ကြီးက ဆိုသည်။

စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။

ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့(တပ်ရင်း ၇ မြင်းခြံခရိုင်)၊ နဂါးနီ ကျောက်ဆည်(တပ်ရင်း ၁ ကျောက်ဆည်ခရိုင်)၊ ဆားတောင်မိုးကြိုး ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)နှင့် ဒေသခံမဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အထိအခိုက်များစွာရှိခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရသူများကို ပေါက်မကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆေးကုသမှုခံယူပြီးနောက် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ဆားတောင်မြို့ ဘက်သို့ တပ်ဆုတ်သွားကြောင်း သိရသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly