ကော့သောင်းတွင် ဧည့်စာရင်းတိုင်ထားသော်လည်း စစ်ကောင်စီတပ်က ဝင်စစ်ပြီး ဒဏ်ငွေ သိန်းချီရိုက်

By ကိုရွှေမြိတ်(မဇ္ဈိမ)
14 June 2023
ကော့သောင်းတွင် ဧည့်စာရင်းတိုင်ထားသော်လည်း စစ်ကောင်စီတပ်က ဝင်စစ်ပြီး ဒဏ်ငွေ သိန်းချီရိုက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်းရပ်ကွက်တွင် ဇွန်လ ၁၃ ရက်နေ့ နံနက် ၁ နာရီခွဲခန့်က တည်ခိုခန်းအချို့နှင့် ရပ်ကွက်အတွင်းရှိနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး က ဧည့်စာရင်းစစ်သည်ဟုအကြောင်းပြချက်ဖြင့် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးပြီး ဒဏ်ငွေသိန်းချီ ခြိမ်း ခြောက်တောင်းယူခဲ့ကြောင်း ရပ်ကွက်နေဒေသခံများထံမှ သိရသည်။

ယင်းသို့ ဧည့်စာရင်းစစ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့များ မပါဝင်ဘဲ ဗိုလ်ကြီးလင်းထက်ဝင်းဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးက ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ လာရောက်စစ်ဆေးပြီး အရပ်သား ၂၀ ကျော်ကိုဖမ်းဆီးကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဖမ်း ဆီးခေါ်ဆောင်သွားသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတဦးက ပြောသည်။

“ပုံမှန်ဆိုရင် ဧည့်စာရင်းစစ်တာက ကြိုတင်အကြောင်းကြားပြီးမှ အဖွဲ့စုံနဲ့လာစစ်တတ်ပါတယ်။ အခုက အဲဒီလိုမျိုးမဟုတ်ဘဲ ငွေလိုချင်တဲ့ပုံစံမျိုးနဲ့ ရွေးပြီးလာစစ်သွားတာ” ဟု အေးရိပ်ငြိမ်းရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

စစ်ဆေး ဖမ်းဆီးခံရသူအများစုသည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ကြီးနှင့် ရာအိမ်မှူးများ ထံတွင် ဧည့်စာရင်းတိုင်ထားသူများဖြစ်သော်လည်း ဖမ်းဆီးရာတွင်ဦးဆောင်သူ ဗိုလ်ကြီးလင်းထက်ဝင်း က ရပ်ကွက်တွင်တိုင်ထားသည့်ဧည့်စာရင်းသည် တရားမဝင်ဟုခြိမ်းခြောက်ပြောဆိုကာ ဖမ်းဆီးပြီး ဒဏ် ငွေရိုက်ခိုင်းခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဒဏ်ငွေကတော့ တည်ခိုးခန်းမှာဖမ်းခံရတဲ့သူတွေကို တယောက်ကို သုံးသိန်းတောင်းတယ်၊ နေအိမ်တွေ မှာဖမ်းခံရတဲ့သူတွေကျတော့ တယောက်ကို ငါးသောင်းတောင်းလို့ ညတွင်းချင်းပေးလိုက်ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးကပြောသည်။

ဧည့်စာရင်းစစ်ရာတွင် ဖမ်းခံရသူများသည် ရပ်ကွက်ရုံး၌ ဧည့်စာရင်းတိုင်ကြားပြီးသူများဖြစ်ကြောင်း ပြော သော်လည်း ရပ်ကွက်ရုံးတွင်တိုင်ခြင်းမှာ တရားမဝင်ကြောင်း၊ ၎င်းတို့အား ဗျူဟာမှူးက ဧည့်စာရင်းစစ် ခိုင်း၍စစ်ရခြင်းဖြစ်ကြောင်း ဗိုလ်ကြီးလင်းထက်ဝင်းက ပြောဆိုခဲ့သည်။

“ရပ်ကွက်ရုံးမှာတိုင်ထားတဲ့ ဧည့်စာရင်းက တရားမဝင်ရင် ဘယ်ရုံးမှာ ဧည့်စာရင်းတိုင်ရမှာလည်း မသိ တော့ဘူး”ဟု အေးရိပ်ငြိမ်းရပ်ကွက်နေသူတဦးကလည်းပြောသည်။

ယခုကဲ့သို့ ဥပဒေမဲ့ဖမ်းဆီးခြင်းသည် သက်သက်ငွေညှစ်ခြင်းဖြစ်ပြီး၊ ပြည်သူများကျပ်တည်းနေချိန်တွင် ထပ်ပြီးဒုက္ခပေးနေသလိုဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ကော့သောင်းမြို့တွင် ဗျူဟာမှူး၏ ဧည့်စာရင်းစစ်ဆေးရန် တာဝန်ပေးအပ်ထားခံရသူ ဗိုလ်ကြီးလင်းထက် ဝင်းသည် မကြာခဏ ဧည့်စာရင်းစစ်ဆေးလေရှိပြီး ဖမ်းဆီးခံရသူများကိုလည်း ဒဏ်ငွေရိုက်လေ့ရှိကာ ၎င်း သည် သူဌေးကျွန်းဟိုတယ်ရှိ လောင်းကစားဝိုင်းသို့သွားတတ်သူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သော သတင်း ရင်းမြစ်များထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required