ရခိုင်ဒေသ မုန်တိုင်းဘေးကယ်ဆယ်ရေး စစ်ကောင်စီ၏ မူဝါဒများ အစီအစဉ်မကျဟုဆို

By ရောင်နီ (မဇ္ဈိမ)
12 June 2023
ရခိုင်ဒေသ မုန်တိုင်းဘေးကယ်ဆယ်ရေး စစ်ကောင်စီ၏ မူဝါဒများ အစီအစဉ်မကျဟုဆို
မိုခါမုန်တိုင်းကြောင့် ပြိုကျသွားသော နေအိမ်အချို့

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာနှင့်အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများကို ခရီးသွားလာခွင့်ပိတ်ပင်ပြီး ၅ရက်အကြာတွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့် ယခင်အတိုင်း ပြန်လည်ခွင့်ပြုကြောင်း စစ်ကောင်စီက ထပ်မံအကြောင်းကြားလာသည်ဟု သတင်းရရှိသည်။

" ပထမ ပိတ်ပင်တယ်။နိုင်ငံတကာကပါ ဝေဖန်လာတော့ ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် ရှင်းရှင်းလင်း လင်းမရှိဘူး။ မူဝါဒတွေက သူတို့ လုပ်ချင်သလို လုပ်နေတာမို့ အဆင်မပြေလှဘူး"ဟု ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကူညီရေးအဖွဲ့အစည်းများသို့ ဆောင်ရွက်ခွင့်ပြုထားသည့် ခရီးသွားလာခွင့်များအား ဇွန်လ ၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက အကြောင်းကြားခဲ့သည်။ ထို့နောက် ယမန်နေ့ ဇွန်လ ၁၁ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လိပ်မူပါ NGO အဖွဲ့အစည်းများကို ယခင်ခွင့်ပြုထားသည့် ခွင့်ပြုစာအတိုင်း လုပ်ငန်းများဆောင်ရွက်ခွင့်ပြုကြောင်း ပြန်လည်အကြောင်းကြားလာခြင်းဟု သိရသည်။

အကြောင်းကြားစာ နှစ်စောင်လုံးတွင် စစ်ကောင်စီ ၏ ရခိုင်ပြည််နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လက်မှတ်ထိုးထားသည်။ စာနှစ်စောင်လုံးသည် ရှင်းလင်းမှုမရှိသလို တိကျသည့် မူဝါဒမရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်သည်။

" ဘယ်အဖွဲ့တွေကို ခွင့်ပြုတာလဲဆိုတာလည်း မသိရဘူး။ နောက်ပြီး ပထမစာမှာ ခရီးသွားလာခွင့်ပိတ်တယ်တဲ့။ ဒုတိယစာကျတော့ ဒေသဖွဲ့ဖြိုးရေးတွေအရင်လို လုပ်လို့ရပြီတဲ့။ ဒါဆို အခု ခွင့်ပြုတာက ဟိုယခင်က လုပ်လက်စ ဒေသဖွဲ့ဖြိုးရေးတွေလုပ်ရမှာလား။ မုန်တိုင်းသင့်ပြည်သူတွေကို ထောက်ပံ့တာတွေ ပါလား၊ မပါဘူးလား။ လုံးဝရှင်းရှင်းလင်းလင်းရှိမနေပါဘူး"ဟု ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီက မည်သည့် NGO အဖွဲ့အစည်းများကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်ကူညီထောက်ပံ့ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA နှင့်မိတ်ဖက်အဖွဲ့အစည်း ၁၁ ခုက စစ်ကောင်စီနှင့်ဆွေးနွေးနေသည်ဟု သိရသည်။

ဇွန်လ ၁၁ရက်က အကြောင်းကြားစာပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခွင့်ပြုသည်ဆိုသည်မှာ မုန်တိုင်းသင့်ပြည်သူများအား လက်ရှိ အရေးပေါ်ကယ်ဆယ်ရေး ကူညီမှုများကို ခွင့်ပြုခြင်းမျိုးမဟုတ်ဘဲ ယခင်က လုပ်လက်စ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကိုသာ ခွင့်ပြုပေးခြင်းဖြစ်နိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

" သူတို့ ထုတ်ပြန်ချက်တွေက ရှေ့နောက်မညီတော့ တော်တော်လေး သတိထားနေရတဲ့ အခြေအနေပါ။ လပ်သိပ်ထိုးလှူနေရတဲ့အနေအထားဖြစ်နေပါတယ်"ဟု ရခိုင်ပြည်နယ်၊ကျောက်တော်မြို့မှ အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးကပြောသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မှ အဖွဲ့အစည်းအားလုံးကို ခွင့်ပြုပေးခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ လိပ်မူသည့် အဖွဲ့အစည်းများသာ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူလူထုသည် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ဖော်ပြောကြားထားသည်။ UNOCHAကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များအားရခိုင်ပြည် နယ် အတွင်း ခရီးသွားလာခွင့်နှင့်လူ သားချင်းစာနာမှုကူအညီ‌ ပေးပို့မှုပိတ်ပင်ခြင်း‌ကြောင့် အခြေအနေများပိုမိုဆိုးရွားလာနိုင်သည်ဟုဇွန်လ ၉ ရက်တွင်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများသည် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေး၀ါးများ အရေးပေါ် လိုအပ်နေကြောင်း ဒေသအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။​

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ ၁၄၆ ဦး၊ ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ပျောက်ဆုံးသူ သုံးဦးရှိကာ လူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီး နေအိမ် နှစ်သိန်းကျော် ပျက်စီးခဲ့သည်ဟု ရက္ခိုင့်တပ်တော်AA က သတင်းထုတ်ပြန်ထားသည်။

လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်သိရှ်ိနိုင်ရန် မဇ္ဈိမအနေဖြင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယနေ့ ဇွန်လ ၁‌၂ရက်ည ၈နာရီခန့်အထိ အဆက်အသွယ် မရရှိသေးပေ။

စာတည်း - မောင်ကြီး

#mizzima

#ရခိုင်ပြည်နယ်

#NGO အဖွဲ့အစည်းများ

#အရေးပေါ်အကူအညီများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required