ညောင်ပင်ဝန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံးဟုဆို

By KMN (မဇ္ဈိမ)
09 June 2023
ညောင်ပင်ဝန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံးဟုဆို
ဓာတ်ပုံ- အညာညီနောင်တပ်ပေါင်းစု (ABCF)  (စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းအား မေလ ၃ ရက် တိုက်ခိုက်မှုမြင်ကွင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ယမန်နေ့၊ ဇွန်လ ၈ ရက်နေ့ ညနေပိုင်း၌ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များက  တိုက်ခိုက်ခဲ့ကြပြီး စခန်းမှူး အပါအဝင် ရဲ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

"ကျွန်တော့တပ်ဖွဲ့ဝင်တွေ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ကြားသိရတာတော့ စခန်းမှူး အပါအဝင် ရဲ ခုနစ်ဦးသေဆုံးပါတယ်" ဟု မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းတိုက်ခိုက်မှုအား ဒေသမဟာမိတ်တပ်များမှ ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲ ခုနစ်ဦးသေဆုံးကာ ရဲများအပါအဝင် ပျူစောထီးများလည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရပြီး မဇ္ဈိမက အသေးစိတ်စုံစမ်း၍မရသေးပေ။ 

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရချိန်တွင် ရဲစခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒေသမဟာမိတ်တပ်များအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ညောင်ပင်ဝန်းရဲစခန်း တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း (၁)နဂါးနီတပ်ရင်း၊ MRTF Drone Force၊ အောင်သပြေညီနောင်၊ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) နှင့် ဆားတောင်မိုးကြိုး Local PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမ အနီးတွင်ရှိသည့် ညောင်ပင်ဝန်းရွာ ရဲစခန်းသည် စစ်ကောင်စီလက်အောက်ခံ တပ်သားများ၊ ရဲများ၊ ပျူစောထီးများ တပ်စွဲသည့်နေရာတစ်ခုဖြစ်ပြီး အနီးအနားရှိကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်မီးရှို့လေ့ရှိကြောင်း သိရသည်။

ယင်းရဲစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများပြုလုပ်နေပြီး မေလ ၃ ရက်နေ့ကလည်း ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်း ငါးစီးဖြင့် ဗုံးသီး ကိုးလုံးကြဲချခဲ့ရာ  စစ်သား သုံးဦးသေဆုံးကြောင်း Unicorn Guerrilla Force က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly