စစ်ကောင်စီတပ်က သာဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ခန့် မီးလောင်ပျက်စီး

By MTO (မဇ္ဈိမ)
15 June 2023
စစ်ကောင်စီတပ်က သာဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ခန့် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်ဒေသရှိ သာဇင်ကျေးရွာကို ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် သာဇင်ကျေးရွာအတွင်းရှိ နေအိမ်ပေါင်း ၆၀၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရ သည်။

“သာဇင်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ခန့် မီးရှို့ခံရပါတယ်။ ပြည်သူတချို့ ဓားစားခံအဖြစ် အဖမ်းခံရတယ် လို့သိရပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပအဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်.

စစ်ကောင်စီတပ်ဝင်ရောက်လာချိန်တွင် ပြေးလွှားရင်း ပိတ်မိခဲ့သည့် ပြည်သူ ၄၀ဦးခန့် ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်ကောက်စီတပ်က အမျိုးသမီး ၁၀ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အယောက် ၃၀ ကိုဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ က ဖော်ပြထားသည်။

“ ဖမ်းဆီးခံဓားစာခံတွေ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူလို့ သိရပါတယ်” ဟု စစ်ကိုင်းမြို့ နယ် ပအဖ မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်ပြည်သူများအတွက် နေရေးထိုင်ရေး စားရေးသောက်ရေးများကို စီစဉ်ဆောင်ရွက်ပေးနေကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စစ်ရှောင်ပြည်သူများကို လုံခြုံတဲ့ရွာတစ်ရွာမှာထားပြီး လတ်တလောလိုအပ်ချက် စားရေး သောက်ရေး၊ နေထိုင်မှုတွေ စီစဉ်ဆောင်ရွက်နေပါတယ်။ စစ်ကိုင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ အတွက် အရန်ရိက္ခာသိုလှောင်ထားမှုရှိတဲ့အတွက် ဆန်ဆီကတော့ မဝယ်ရပါဘူး၊ ရောက်တဲ့နေရာမှာ  တစ်ခါတည်းချက်ပြုတ်နိုင်အောင် စီစဉ်ထားပါတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သာဇင်ကျေးရွာမှ အသက် ၆၀ အရွယ်အဖွားအိုတစ်ဦးကိုလည်း သတ်ဖြတ်ပြီးနောက် အလောင်းကို မီးရှို့ ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့ တွင် သာဇင်ကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ သည် ဇွန်လ ၁၄ ရက်နေ့ တွင် အိုင်းဓမ္မ၊ အင်းစ စသည့် ကျေးရွာများကို လည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Information Network က ဖော်ပြထားသည်။

စာတည်း - သန်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required