ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာမှ ဒေသခံများ တိမ်းရှောင်နေရ 

By ရောင်နီ (မဇ္စျိမ)
09 June 2023
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၅ ရွာမှ ဒေသခံများ တိမ်းရှောင်နေရ 
ဓာတ်ပုံ - စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူများ (ပုံ-အဟောင်း)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ငါးရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။ 

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာမှ ထွက်လာသည့် အင်အား ၁၇၀ ၀န်းကျင်ပါ စစ်ကောင်စီတပ်သည် ဇွန်လ ၆ ရက်နေ့က စတင်ကာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။ 

“ လွန်ခဲ့တဲ့ သုံးရက်ကတည်းက စထိုးတာပါ။ ညောင်ပင်ကြီးက ထွက်လာပြီး အဲ့ဘက် မြစ်ကြောင်းဘေးက တုန်ရွာတွေဘက်ကနေ ဖို၀င်တောင်ဘက်ကို ၀င်တယ်။ အဲ့ကနေ တောက်လျှောက်စစ်ကြောင်းထိုး ပြီးတော့မှ မနေ့ညက လယ်ငေါက်ရွာ ဘုန်းကြီးကျောင်းမှာ သူတို့တပ်စွဲတယ်။” ဟု  ယင်းမာပင်ခရိုင် တပ်ရင်း (၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

ယင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ကျေးရွာများအတွင်း ၀င်ရောက်ကာ စစ်ကြောင်းထိုးနေမှုကြောင့် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်ရှိ ကျေးရွာ ၂၄ ရွာက ဒေသခံပြည်သူ ထောင်နှင့်ချီကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

အဆိုပါ စစ်ကောင်စီတပ်သည် ယနေ့ ဇွန်လ ၉ ရက်နေ့တွင်လည်း ဆက်လက်စစ်ကြောင်းထိုးနေပြီး ပုလဲမြို့နယ် အလယ်ဘုံကျေးရွာကို ရောက်ရှိနေကြောင်း သိရသည်။ 

“ ဒီနေ့ မနက်ခင်း  မုန်တိုင်းရွာကို ရောက်တယ်။ အဲ့ကနေမှ အလယ်ဘုံကို ပြန်ထွက်နေတာ။ စုစုပေါင်း စပြီးထိုးတဲ့ စလင်း၊ ယင်းမာပင်၊ ပုလဲ ဘက်တစ်လျှောက်  စစ်ဘေးရှောင်နေတဲ့ရွာတွေက လေးရက်အတွင်းမှာ ၂၄ ရွာလောက်ရှိတယ်။ စစ်ကြောင်းထိုးတဲ့ရွာတွေက ဒီကောင်တွေ စစ်ကြောင်းထွက်ပြီးတော့ ပြန်လည်နေထိုင်နေတာရှိတယ်။။ အခု လက်ရှိ ရှောင်နေရတာတော့ ငါးရွာလောက်ရှိတယ်။ ဒီနေ့အတိုင်းအတာနဲ့ပေါ့။ “ ဟု ၎င်းက ဆက်ပြောသည်။ 

ထိုသို့ စစ်ကြောင်းထိုးနေသည့် လေးရက်တာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း ကာကွယ်ရေးတပ် တာ၀န်ရှိသူက ပြောသည်။ 

“သူတို့ထိုင်နေတဲ့ လယ်ငေါက်ကျေးရွာ ဘုန်းကြီးကျောင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းထုတာတော့ရှိတယ်။ မျက်နှာချင်းဆိုင် တိုက်ပွဲတော့မရှိသေးဘူး။ မိုင်းဆွဲတာက သုံးနေရာလောက်ပဲရှိတယ်။ စစ်ကြောင်းထိုးတဲ့အချိန် ရွာနဲ့ မနီးတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ ထိခိုက်တာတော့ မသိရဘူး။ အခုကတော့ ယင်းမာပင်ကနေ ပုလဲနယ်ထဲကို ရောက်နေပြီ။ ကျွန်တော်တို့ယူဆတာက ပျူရွာတွေကို ၀င်မယ်လို့ ခန့်မှန်းရတယ်။” ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ရှိသူက ဆိုသည်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးအားကောင်းသည့်ကျေးရွာများသည် စစ်ကြောင်းထိုးလာသည့် အခါမှသာ စစ်ကြောင်းနှင့်ပူးပေါင်းပြီး ကျေးရွာအတွင်းမှ ထွက်ခွာရဲကြကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ 

ယခုစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည်လည်း ပျူရွာများတွင် စားနပ်ရိက္ခာပြတ်တောက်မှုရှိလာသည့်အတွက် အနီးရှိကျေးရွာများအတွင်း စစ်ကြောင်းထိုးလှုပ်ရှားကာ ဒေသခံများ ထွက်ပြေးနေသည့်အချိန် ကျေးရွာတွင်းရှိ ရိက္ခာများကို သယ်ဆောင်ရန် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ယူဆထားကြသည်။ 

စစ်ကောင်စီတပ် စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှ ပြည်သူများကိုလည်း Beyond The Chindwin Organization နှင့် ဒေသအခြေစိုက်အဖွဲ့အစည်းများ ပူးပေါင်းကာ စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး၀င်ရောက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ 

ထို့သို့ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required