NUG ၏  ဆေးဝန်ထမ်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျှောက်ထားရန် လျှောက်လွှာထုတ်သူ ၂၀ ၀န်းကျင်ရှိ 

By မောင်ခက်နွေ (မဇ္ဈိမ)
02 June 2023
NUG ၏  ဆေးဝန်ထမ်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျှောက်ထားရန် လျှောက်လွှာထုတ်သူ ၂၀ ၀န်းကျင်ရှိ 
NUG ၏  ဆေးဝန်ထမ်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျှောက်ထားရန် လျှောက်လွှာထုတ်သူ ၂၀ ၀န်းကျင်ရှိ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဆေး၀န်ထမ်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်လွှာထုတ်သူဦးရေ ၂၀ ဝန်းကျင်ရှိပြီး လျှောက်လွှာပြန်တင်သည့် အရေအတွက်ကိုမူ မသိရသေးကြောင်း  NUG၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဆေးဝန်ထမ်းဌာနခွဲက မဇ္ဈိမကို စာဖြင့် ပြန်လည်ဖြေကြားသည်။  

တော်လှန်ရေး ရဲဘော်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် လူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုပေးနိုင်ရန် ကျန်းမာရေး၀န်ထမ်းများ ခေါ်ယူလိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက  ပြီးခဲ့သည့် မေလ ၃၁ ရက်က ထုတ်ပြန်ထားသည်။  လျှောက်ထားလိုသူများသည် Telegram Username - @MedicalServicePDF နှင့်  [email protected] သို့ ဆက်သွယ်ကာ လျှောက်လွှာပုံစံများ ထုတ်ယူပြီး ဇွန်လ ၃၀  ရက် နောက်ဆုံးထားကာ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တာဝန်ထမ်းဆောင်မည့်သူများအား လစာ ပေးမည်မဟုတ်ဘဲ ချီးမြှင့်ငွေ သာပေးအပ်မည်ဖြစ်ကြောင်း NUG  ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင်ရှိသူ  ဦးနေဘုန်းလတ်က ဆိုသည်။  

“ အဓိကကတော့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ၊ PDF တွေ ကို ကုသဖို့ဆိုတဲ့နေရာမှာ တာဝန်ထမ်းဆောင်ရမှာပါ။ အဲ့မှာမှ နှစ်မျိုးရှိပါတယ်။ နောက်တန်းဆေးရုံနဲ့  ရှေ့တန်း စစ်မျက်နှာပြင်ပေါ့နော်။ အဲ့မှာရွှေ့လျားဆေးရုံဆိုတာမျိုးလည်းရှိတယ်ပေါ့နော်။ အဲ့လိုနေရာမျိုးမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။ 

လျှောက်ထားသူများသည် NUG ၏ ဆေး၀န်ထမ်း တပ်ဖွဲ့တွင် တာ၀န်ထမ်းဆောင်ရမည်ဖြစ်ပြီး အထူးကုဆရာဝန်များ၊ အထူးကုဘွဲ့လွန်သင်တန်းသားများ (သွားနှင့်ခံတွင်း အထူးကု ဆရာဝန်များအပါအဝင်)၊ သူနာပြုများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာ၊ ဘွဲ့ရရှိသူများ၊ တိုင်းရင်းဆေးပညာရှင်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။  

တာ၀န်ထမ်းဆောင်မည့် ကျန်းမာရေး၀န်ထမ်းများ၏  လုံခြုံရေးနှင့် စားဝတ်နေရေးကို NUG၏ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာမြေပြင် တပ်ရင်း/ တပ်ဖွဲ့များက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ကလေးဒေသ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့  တွဲဘက်တာဝန်ခံ ကိုဂျပန်ကြီးက ကလေးဒေသတွင် ကျန်းမာရေးဝန်ထမ်း လုံလောက်သော်လည်း ဆေးဝါး မလုံလောက်ကြောင်းမဇ္ဈိမကို ပြောသည်။

“အဓိကလိုအပ်တာက ငှက်ဖျားဆေး၊ မိုးတွင်းရောက်တော့မယ်ဆိုတော့ ကာလသားရောဂါနဲ့ ပတ်သက်တဲ့ ဝမ်းပျက် ၊ ဝမ်းလျောဆေးတွေ သွေးလွန်တုပ်ကွေး ဆေးတွေ လိုအပ်တယ်။ ဆေးကတော့ လိုတာ အစုံလိုအပ်ပါတယ်” ဟု ကိုဂျပန်ကြီးက ပြောသည်။ 

 ကျန်းမာရေးဝန်ထမ်း တာဝန်ထမ်းဆောင်မည့်သူများသည် နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့ပါက CDM ပြုလုပ်ထားသူ (သို့မဟုတ်) အမျိုးသားညီညွတ်ရေး အစိုးရ၏ လျှို့ဝှက်တာဝန်ပေးချက်အရ စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ ဖြစ်ရမည်ဟု NUGက ကြေညာထားသည်။ 

ထို့ပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်း ၊ တပ်ရင်း၊ တပ်ဖွဲ့နှင့် စစ်ကြောင်းများရှိရာ နေရာများတွင် သာမက  တာဝန်ချထားမည့် နေရာ ဒေသများကို ၊ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly