စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနှင့်တွေ့ဆုံပွဲကို AA ဘက်မှ ဒုစစ်ဦးစီးချုပ်ဦးဆောင်တက်ရောက်မည်

By မိုးသောက် (မဇ္ဈိမ)
31 May 2023
စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနှင့်တွေ့ဆုံပွဲကို AA ဘက်မှ ဒုစစ်ဦးစီးချုပ်ဦးဆောင်တက်ရောက်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့တွင်ပြုလုပ်မည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီနှင့်တွေ့ဆုံပွဲကို ရက္ခိုင့်တပ်တော် (AA) ဘက်မှ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့်  မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့သုံးဖွဲ့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်သည်။

“ တွေ့ဆုံပွဲကို ကျနော်တို့ဘက်က ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတာရှိပါတယ်။ ဘာတွေအသေးစိတ်ဆွေးနွေးမယ်ဆိုတာကတော့ အခုချိန်မှာတော့ ပြောလို့မရသေးပါဘူး။ ဆွေးနွေးပွဲပြီးမှပဲ ကျနော်တို့အဲဒီကိစ္စပြောလို့ရပါမယ်” ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ  ဦးခိုင်သုခက မဇ္ဈိမသို့ပြောသည်။

အစည်းအဝေးသည် နှစ်ရက်နီးပါးကြာမြင့်ပြီဖြစ်ပြီး အစီစဉ်အသေးစိတ်နှင့်ပတ်သက်၍ မသိရသေးကြောင်း ဦးခိုင်သုခကပြောသည်။ အစည်းအဝေးကို တက်ရောက်မည့် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ခုသို့ မဇ္ဈိမကဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန်အတွက် ယူနန်ပြည်နယ်၊ နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာကောပေါင်သည်လည်း မိုင်းလားသို့ရောက်ရှိနေပြီဟုသိရသည်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်လာချိန်တွင် တရုတ်တာဝန်ရှိသူများသည် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတာဝန်ရှိသူများကိုတွေ့ဆုံမှုများ ခပ်စိပ်စိပ်ရှိလာသည်။

“ မြန်မာပြည်မှာရှိနေတဲ့ အင်အားစုတွေ စစ်ကောင်စီ၊ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ နိုင်ငံရေးကစားကွက်တွေအမျိုးမျိုး ခြယ်လှယ်ပုံဖော်ပြီးတော့ သူ့ရဲ့ မဟာဗျုဟာရည်မှန်းချက်ကိုတည်ဆောက်နေတာလို့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က ပြောသည်။

ထိုသို့မြန့်မာ့အရေးပေါ် တရုတ်၏ကြားဝင်ဆောင်ရွက်နေမှုကို တားဆီးကန့်ကွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နိုင်ငံတကာသို့တောင်းဆိုသင့်ကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်အတွင်း တရုတ်သံအမတ်ကြီးသည် မြန်မာနိုင်ငံသို့လာရောက်ပြီး စစ်ကောင်စီဘက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာနှင့်တရုတ်အကြားက စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် ပြောဆိုဆွေးနွေးခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့အတွင်းရှိ ကျောက်ဖြူအထူး စီးပွားရေးဇုန်ရေနက် ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်ရန်တိုက်တွန်းပြောဆိုနေသည်ကိုတွေ့ရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required