မိုခါမုန်တိုင်းဒဏ်သင့် ဒေသများထံ အကူအညီများ ဝင်ရောက်ပေးခွင့်ရရေး ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

မိုခါမုန်တိုင်းဒဏ်သင့် ဒေသများထံ အကူအညီများ ဝင်ရောက်ပေးခွင့်ရရေး ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခဲ့သည့် လူသေဆုံးစေသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဧရိယာများသို့ အကူအညီပေးမည့် လူသားချင်းစာနာမှု အဖွဲ့အစည်းများကို ဝင်ရောက်ခွင့်ပြုရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေလ ၂၈ ရက်တွင် တိုက်တွန်းပန်ကြားသည်။

“လူသားချင်းစာနာမှု အကူအညီတွေ အရောက်ပေးပို့နိုင်စေအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ပံ့ပိုးဆောင်ရွက်ပေးကြဖို့ ကျွန်ုပ် မေတ္တာရပ်ခံပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဗာတီကန်တွင် ပြုလုပ်သည့် ဝတ်ပြုဆုတောင်းပွဲတစ်ခုအပြီးတွင် ပြောသည်။

“ပြီးတော့ လူသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ ခရစ်ယာန် သာသနာ စည်းလုံးညီညွတ်မှု စိတ်နဲ့အတူ ကျွန်ုပ်တို့ရဲ့ ညီအကို၊ မောင်နှမတွေဆီ အကူအညီတွေ ပေးကြဖို့ ပန်ကြားပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ရာတွင် တစ်နာရီ လေတိုက်နှုန်း ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) အထိ ရှိခဲ့ပြီး လေပြင်းထန်ခြင်း၊ မိုးကြီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ အဆောက်အအုံများ ပြိုလဲမှုဖြစ်ပြီး လမ်းများလည်း မြစ်သဖွယ် ရေလွှမ်းမှုများ ရှိခဲ့သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ အကူအညီ လိုအပ်သော ဒေသများထံ အသက်ကယ် အကူအညီများ အသေအချာ ရောက်ရှိပေးပို့နိုင်စေရန်နှင့် အကူအညီလမ်းကြောင်းများကို ဖွင့်လှစ်ပေးရန် အာဏာသိမ်းစစ်အုပ်စုကို ကုလသမဂ္ဂက မေ ၂၄ ရက်တွင် တိုက်တွန်းခဲ့သည်။

မြန်မာတွင် လူပေါင်း ရှစ်သိန်းထက်မနည်းသည် အရေးပေါ် စားနပ်ရိက္ခာ အကူအညီနှင့် အခြားအကူအညီများ လိုအပ်နေသည်ဟု ကုလက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ပြီးနောက် စစ်ကောင်စီသည် ရခိုင်ပြည်နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသအဖြစ် ကြေညာခဲ့သည်။

အဆိုပါ ပြည်နယ်သည် ဖိစီးနှိပ်ကွပ်ခံ ရိုဟင်ဂျာ လူနည်းစုဝင် သိန်းချီ ရှိရာ နေရာဖြစ်ပြီး အဆိုပါ ရိုဟင်ဂျာများအနက် အများအပြားသည် ဆယ်စုနှစ်များကြာ လူမျိုးစု ပဋိပက္ခ ဖြစ်ပြီးနောက် နေရပ်စွန့်ခွာမှု ကမ့်စခန်းများတွင် နေထိုင်နေကြရသည်။

Pope urges access for Cyclone Mocha relief

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required