တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာတွင် မေလ ၂၀ ရက် ည ၇ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းထံမှ သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။
အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မေလ ၂၀ ရက် ည ၇ နာရီ အချိန်တွင် ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာနှင့် ဥယျာဉ်ကျေးရွာကြားရှိ မိကျောင်းအိုင်ဘုရားအနီး ဝင်ရောက်လာချိန် ထားဝယ်စုပေါင်းစစ်ကြောင်းက ရှေ့ထွက် မိုင်းအကြီးတစ်လုံး ဖောက်ခွဲပြီး ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
“စစ်ေ-(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၈ ကောင်လောက် ဒဏ်ရာ ရရှိထားတယ်လို့ သိရတယ်၊ လူသေ အလောင်း လေးလောင်းလောက်လည်း သယ်သွားတာတွေ့ရတာကြောင့် အခုသိတာထက် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုသော ၆၀ မမ ဗုံးသီး နှစ်လုံး၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ ဗုံးသီး အခွံများ၊ ကျည်အိမ် နှစ်ခုနှင့် ကျည်ဆန် အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါနေရာ အနီးတစ်ဝိုက်တွင် သွေးကွက်များလည်း တွေ့ခဲ့ရကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)