အနန်းကွင်းဘက်သို့ ရိက္ခာလာပို့သော စစ်ယာဉ်တန်းကို ပူးပေါင်းတပ်ဖွဲ့က မြေပြင်၊ ဝေဟင်က တိုက်ခိုက် 

By YT (မဇ္ဈိမ)
14 May 2023
အနန်းကွင်းဘက်သို့ ရိက္ခာလာပို့သော စစ်ယာဉ်တန်းကို ပူးပေါင်းတပ်ဖွဲ့က မြေပြင်၊ ဝေဟင်က တိုက်ခိုက် 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဘက်သို့ ရိက္ခာလာပို့သော စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းအား မေလ ၉ ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

"အနန်းကွင်းဘက်ကိုသွားပို့တဲ့ ယာဉ်တန်း သုံးစီးလာတာပါ။ နှစ်စီးကတော့ ကျွန်တော်တို့ ဗုံးသီးနဲ့ ‌မြေပြင်က လက်နက်ကြီးထိတာပါ၊ ကျန်တစ်စီးကတော့ လက်နက်ငယ်ထိတာနဲ့ ပျက်စီးသွားတယ်။ စစ်ဆင်ရေးအနေနဲ့ကတော့ သူတို့ကိုစောင့်ပြီးဖြတ်တောက်တာ" ဟု Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

မေလ ၉ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဘက်သို့ စစ်ကားသုံးစီးဖြင့် ရိက္ခာလာပို့သော အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) လက်အောက်ခံ စစ်ကောင်စီတပ်သားများနှင့် BGF များ ပူးပေါင်းထားသော အင်အား ၈၀ ကျော်အား တပ်မဟာ (၆) KNLA တပ်ရင်း(၁၆) အပါအဝင် ကာကွယ်ရေး ပူးပေါင်းတပ်များက မြေပြင်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး Saw Dragon Drone Force က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ရာသီဥတုနဲ့ ချို့ယွင်းမှုကြောင့်တော့ ဗုံးသီးအငယ်နှစ်လုံးနဲ့ အီနာဂါက မပေါက်ပေမယ့် ဗုံးသီးကြီးတွေကတော့ ရန်သူ့‌နေရာတွေကို အတိအကျ ကျရောက်ပေါက်ကွဲတာပေါ့" ဟု Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။  

တပ်မဟာ (၆) KNLA တပ်ရင်း(၁၆) အပါအဝင် ပူးပေါင်းတပ်များ၏ မြေပြင်မှ ကြားဖြတ်တိုက်ခိုက်မှု၊ Saw Dragon Drone Force ၏ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ကားနှစ်စီး ဗုံးသီးထိမှန်ပျက်စီးခဲ့ပြီး ကျန်ကားတစ်စီးမှာ သေနတ်ကျည်ထိမှန် ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံး၍ ငါးဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။ 

အရှင်ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းငါးဦး၏ လက်ရှိအခြေအနေအား Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးထံ မဇ္ဈိမက မေးမြန်းခဲ့သော်လည်း သုံ့ပန်းများအား တပ်မဟာ (၆) KNLA တပ်ရင်း(၁၆) အပါအဝင် ပူးပေါင်းတပ်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အခြားစစ်ဆင်ရေးတစ်ခု ပြုလုပ်နေသဖြင့် အသေးစိတ် မသိရသေးကြောင်း ဆိုသည်။ 

ပြီးခဲ့သည့် ဧပြီလအတွင်း တပ်မဟာ (၆) နယ်မြေတွင် တိုက်ပွဲပေါင်း၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ခမရ(၂၀၇)မှ ဗိုလ်မှူးတစ်ဦး၊ ခလရ(၈)တပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀၇ ဦး သေဆုံးခဲ့ပြီး ၈၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်သား သုံးဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required