လေးလအတွင်း တိုက်ပွဲပေါင်း ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ဟု KNU ထုတ်ပြန်

By YT  ( မဇ္ဈိမ)
11 May 2023
လေးလအတွင်း တိုက်ပွဲပေါင်း ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှဧပြီလထိ လေးလအတွင်း တိုက်ပွဲပေါင်း ၁,၆၄၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU (ဗဟို) က ယနေ့ မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှဧပြီလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့နှင့် စစ်ကောင်စီတပ်၊ ၎င်းတို့၏လက်အောက်ခံ ကရင်နယ် ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲပေါင်း ၁,၆၄၂ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး လေးဦး၊ ဒု-တပ်ရင်းမှူး ငါးဦးအပါအဝင် ၁,၇၃၆ ဦးသေဆုံး၍ ၁,၁၈၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

လေးလအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း KNLA ၊ KNDO ဘက်မှလည်း ရဲဘော် ၅၉ ဦး ကျဆုံး ခဲ့ကာ ၁၉၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် BGF တို့၏ စစ်ရေးလှုပ်ရှားမှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ ၄၀၀,၀၀၀ ကျော် ဘေးကင်းရာသို့ တိမ်းရှောင်နေခဲ့ရ သည်။

ထို့ပြင် ဒေသခံ ၁၀၀,၀၀၀ ကျော်၏ လုပ်ငန်းခွင်များပျက်စီးခဲ့ရကာ KNU အနေဖြင့် စစ်ဘေးရှောင်ပြည်သူ ၄၀၀,၀၀၀ ကျော်အနက် ပြည်သူ ၈၅,၀၀၀ အတွက်သာ လစဉ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနိုင်လျက် ရှိကြောင်း ဖော်ပြထားသည်။ 

“ KNU အနေဖြင့် စစ်ကောင်စီတပ်အား နိုင်ငံရေး၊ စစ်ရေးအရ ရင်ဆိုင်နေရသည်သာမက ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူ လူထုများ၏ လိုအပ်ချက်များကိုလည်း ကြိုးစားပြီး ကိုင်တွယ်ဖြေရှင်းနေကြရလျက်ရှိသည်” ဟု ထုတ်ပြန် ချက်ကဆိုသည်။ 

စစ်ဘေးရှောင်နေရသော ပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှု၊ အမိုးအကာ မလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှု ပြသနာများအား ကြုံတွေ့နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများလိုအပ်နေကြောင်း KNU ကဆိုသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ နှစ် မတ်လအထိ နှစ်နှစ် ကျော်ကာလအတွင်း KNU နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ BGF တို့မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေပေါင်း ၂,၀၀၀ ကျော်ရှိကြောင်း KNU မှ ထုတ် ပြန်ခဲ့သည့် အစီရင်ခံများတွင်ဖော်ပြထားချက်အရ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required