အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်းကို ကိုင်တွယ်ရန် စည်းလုံးညီညွတ်မှုကို ပြသရမည်ဟု အင်ဒိုနီးရှားသမ္မတ ပြော

By ရိုက်တာ
11 May 2023
အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်းကို ကိုင်တွယ်ရန် စည်းလုံးညီညွတ်မှုကို ပြသရမည်ဟု အင်ဒိုနီးရှားသမ္မတ ပြော
Photo-AFP

မြန်မာအာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် နှစ်နှစ်အကြာက အာဆီယံနှင့် သဘောတူခဲ့သည့် ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသော တိုးတက်မှု မရှိဘဲ ဖြစ်နေစဉ် ဒေသတွင်းအုပ်စုဖြစ်သည့် အာဆီယံအနေဖြင့် အရှိန်မြင့်လာသော မြန်မာ့အကျပ်အတည်းကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းသွားမည် ဆိုသည်ကို ဆုံးဖြတ်ရာတွင် စည်းလုံးညီညွတ်မှုကို ပြသရလိမ့်မည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက မေလ ၁၁ ရက်တွင် ပြောသည်။

ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုနီးရှား၏ သမ္မတ ဂျိုကို ဝီဒိုဒိုက လာဘွမ် ဘာဂျိုမြို့၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ဒုတိယနေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာငြိမ်းချမ်းရေးအစီအစဉ်ဟု သိကြသည့် ဘုံသဘောတူညီချက် ငါးရပ်ကိစ္စက အဓိက ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်မည် ဖြစ်သည်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောရပါလိမ့်မယ်။ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ ဘာတိုးတက်မှုမှ မရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။ “ဒါကြောင့် ရှေ့ဆက်လုပ်မယ့် အဆင့်တွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ဖို့အတွက် အာဆီယံရဲ့ စည်းလုံးညီညွတ်မှု လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်အကြာက စစ်တပ်က အာဏာသိမ်းပြီးနောက် အမြင်ကွဲလွဲ ဆန့်ကျင်သူများအပေါ် သွေးထွက်သံယို ဖြိုခွင်းမှု လုပ်ဆောင်ထားခဲ့သည့် မြန်မာနိုင်ငံတွင် လက်ရှိ အရှိန်မြင့်တက်လာနေသည့် အကြမ်းဖက်မှုတို့ အရှိန်လျော့ဆဲ ရပ်ဆိုင်းစေရေးအတွက် ရှေ့ဆက်သွားမည့် လမ်းကြောင်းအစီအစဉ်တစ်ရပ်ကို ရေးဆွဲရန် အာဆီယံအုပ်စုကို အင်ဒိုနီးရှားသမ္မတက တိုက်တွန်းသည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပြင် လက်ရှိ ကြီးထွားလာနေသော ဒီမိုကရေစီလိုလားသည့် တော်လှန်ရေး လှုပ်ရှားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မျက်နှာစာ ပေါင်းစုံတွင် တိုက်ခိုက်နေရသည်။ အင်ဒိုနီးရှားသည် ပြီးခဲ့သည့် လများအတွင်း မြန်မာ၏ သက်ဆိုင်သူဘက်ပေါင်းစုံနှင့် ထိတွေ့ဆက်ဆံရန် သိုသိုသိပ်သိပ် ကြိုးပမ်းထားခဲ့သည်။

မြန်မာတွင် အရပ်သားဧရိယာများအပေါ် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ အသုံးပြု ပစ်ခတ်ခြင်းအတွက် စစ်တပ်အပေါ် တက်ကြွလှုပ်ရှားသူများက ပြစ်တင်ဝေဖန်ထားသည်။ အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့သည် “အကြမ်းဖက်သမားများ” ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောသည်။

၂၀၂၁ ၊ ဧပြီလက ဂျကာတာတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ရပ်၌ မြန်မာစစ်ခေါင်းဆောင် သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုအတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် အာဆီယံ၏ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများတွင် ဖိတ်ကြားခြင်း မခံရဘဲ တားမြစ်ခံထားရသည်။

အကြမ်းဖက်မှုများ ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီ ဝင်လမ်း အပြည့်အဝ ရရှိရေး၊ သက်ဆိုင်ပတ်သက်သူအားလုံးနှင့် ဆွေးနွေးရေး တို့ပါဝင်သည့် ငြိမ်းချမ်းရေး အစီအစဉ်သည် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် အုတ်မြစ်အဖြစ် ဆက်ရှိနေလိမ့်မည်ဟု အာဆီယံအတွင်းရေးမှူးချုပ် ခေါင် ကင်မ်ဟွန်းက ထိပ်သီးအစည်းအဝေး ပြင်ပတွင် ရိုက်တာကို ပြောသည်။

“အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်စဲသွားတာကို မိမိတို့ မြင်ချင်တယ်” ဟု ၎င်းက ပြောသည်။

ASEAN must show unity to tackle Myanmar's escalating crisis, Indonesia president says

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required