ရွှေကူမြို့ တစ်ဖက်ကမ်း ရေလဲရွာကို စစ်ကောင်စီတပ် မီးရှို့

By KMN(မဇ္ဈိမ)
05 May 2023
ရွှေကူမြို့ တစ်ဖက်ကမ်း ရေလဲရွာကို စစ်ကောင်စီတပ် မီးရှို့
Photo-CJ

ကချင်ပြည်နယ်၊ ရွှေကူမြို့၏ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိသည့် ရေလဲရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၄ ရက်နေ့ညတွင် မီးရှို့ခဲ့ကြောင်းမြို့ခံတစ်ချို့က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလကုန်ခန့်ကစပြီး ဆင်တပ်ကျေးရွာ၊ရေလဲကျေးရွာစသည့် ရွှေကူမြို့တစ်ဖက်ကမ်းကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ခြင်းများပြုလုပ်နေကြောင်း သိရသည်။

"ရေလဲရွာကို မနေ့ညက မီးရှို့တာ အဝေးကတွေ့ရတယ်၊ ဒီမနက်သတင်းအရတော့ အိမ်ခြေ ၂၀ လောက်ပါသွားတယ်ပြောတယ်၊ အသေးစိတ်မသိရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

 ရေလဲရွာနှင့် ဆင်တပ်ကျေးရွာများသည် စစ်ကောင်စီတပ်က မကြာခဏလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခံရသည့် ကျေးရွာများဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်လဘာလကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများက ပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးပြီး ရွာခံအများစု ထွက်ပြေးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ စီသာ၊ မံဝိန်း၊ ငှက်တံတား၊ ဝင်ဝ၊ စီသောင်၊ စီမူလေး စသည့်ကျေးရွာများအား စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 ၎င်းနောက် စစ်ကောင်စီတပ်များသည် ရွှေကူမြို့ပေါ်တွင် တပ်စွဲခဲ့ပြီး ရွှေကူမြို့တစ်ဖက်ကမ်းကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်မှာရှိသည့် မံဝိန်း၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်ကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီးစသည့် ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁,၀၀၀ နီးပါးကို စစ်ကောင်စီတပ်များမှ ၁၉ ရက်ကြာ စစ်ကြောင်းထိုးအပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေကူ KPDF ကပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ထားသည်။

ရွှေကူမြို့၊စီသာတိုက်နယ်ကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့၊ ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့တို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လေးရက်ပြုလုပ်ခဲ့သောကြောင့် စီသာတိုက်နယ်၊ကျေးရွာ ၁၂ ရွာဝန်းကျင်က ဒေသခံထောင်ချီ လက်ရှိချိန်အထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required