အနာဂတ်တိုင်းပြည် လုံခြုံရေးကဏ္ဍအတွက် ပြုပြင်ပြောင်းလဲရန် NUG ပြင်ဆင်နေ

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
05 May 2023
အနာဂတ်တိုင်းပြည် လုံခြုံရေးကဏ္ဍအတွက် ပြုပြင်ပြောင်းလဲရန် NUG ပြင်ဆင်နေ
Photo- NUG(PDF တပ်ဖွဲ့ဝင်အချို့)

အနာဂတ်မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍအတွက် အာဏာသိမ်းစစ်တပ်နေရာတွင် ဖက်ဒရယ်တပ်မတော်ကို အစားထိုးပြီး ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြင်ဆင်နေသည်ဟု သိရသည်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးအရ ဩဇာတိက္ကမရှိသူများဖြင့် ဖွဲ့စည်းထားသည့် CRPH၊ NUG၊ နှင့်NUCCတို့သည် ဖက်ဒရယ်နိုင်ငံတော် တည်ထောင်နိုင်ရေးအတွက် ကြိုးစားနေသကဲ့သို့ တစ်ဖက်တွင်လည်း လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး( security sector reform)အတွက် ပြင်ဆင်တည်ဆောက်နေသည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

“PDFတွေရှိမယ်။ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေရှိမယ်။ ဒါတွေအားလုံးဟာ တစ်ချိန်ချိန်မှာ ဖက်ဒရယ်တပ်မတော်ဆိုတာကို မျှော်မှန်းပြီးတော့ security sectorကြီးတစ်ခုလုံးကို  reformလုပ်မယ့် အစားထိုးနိုင်ဖို့ကို ကြိုးစားနေတာဖြစ်တယ်” ဟု၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအပါအဝင် အချို့အနေဖြင့် အနာဂတ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်(စစ်ကောင်စီတပ်)ဆက်လက်ပြီး မဖြစ်မနေရှိနေမည်ဟူသည့် စဉ်းစားချက်သည် အလွဲကြီးလွဲနေကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရက မှတ်ချက်ပြုသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးစားနေသည့် NUGသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို ပြီးခဲ့သည့်၂၀၂၁ခုနှစ်၊ မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်ပြည့်ပြီဖြစ်သည်။

တူးမီးဖြင့် စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကို စတင်တိုက်ခိုက်ခဲ့ရာမှ လက်ရှိအချိန်တွင် လက်နက်အမျိုးမျိုး တပ်နိုင်ပြီဖြစ်သည့်အပြင် ကိုယ်ပိုင် လက်နက်ထုတ်လုပ်ခြင်းသည်လည်း အောင်မြင်ပေါက်ရောက်နေပြီဟုသိရသည်။ ထို့ကြောင့် ခံစစ်ဗျူဟာမှသည် တန်ပြန်ထိုးစစ်အကြိုကာလကို ရောက်ရှိလာပြီဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။ 

လက်နက်ထုတ်လုပ်မှုများနှင့်အတူ စစ်ကောင်စီကို အမှည့်ချွေ ချွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနားမပေးခြင်း၊ စိတ်ပိုင်းရုပ်ပိုင်းအားပြတ်စေခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ပြီး စိုးမိုးနယ်မြေများစွာ တည်ဆောက်နိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်အထိ နိုင်ငံအဝှမ်းတွင် PDFတပ်ရင်း ၃၀၀ကျော် အတည်ပြု ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂၅၀ကျော် ဖွဲ့စည်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားသုံးသောင်းခန့်ကိုလည်း နှိမ်နင်းခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ခုခံစစ်ဆင်နွှဲနေရင်း တစ်ဖက်တွင်လည်း စစ်ကောင်စီဘက်မှ တပ်သားများကို ပြည်သူ့ရင်ခွင်သို့ ခိုလှုံသည့် လုပ်ငန်း တစ်နည်းအားဖြင့် CDM လုပ်ဆောင်လာစေရန် လုပ်ဆောင်လျက်ရှိရာ စစ်သား(စစ်ကောင်စီတပ်သား)နှင့်ရဲ(ရဲတပ်သား)၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း သိရသည်။ ၎င်းတို့သည်လည်း အနာဂတ်တပ်မတော် ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် ပါဝင်လျက်ရှိနေကြောင်း NUGက ဆိုသည်။

တပ်မတော်ကို ပြုပြင်ပြောင်းလဲရမည့် ကိစ္စအပေါ်တွင် CDMဗိုလ်ကြီး ဇင်ယော်က “ နိုင်ငံတော်မှာ ခံယူချက်နည်းတဲ့သူတွေနဲ့ စုဖွဲ့ထားတာဖြစ်တဲ့အတွက် ဒီအဖွဲ့ကြီး ဒီလိုမျိုးဖြစ်နေတာ ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်တွေကို ဖြစ်နေတာ။ အဲတာကြောင့် သူတို့ကိုတကယ် Reformလုပ်ကို လုပ်ရမယ်” ဟု ဆိုသည်။

အရပ်သားအစိုးထံမှ အာဏာသိမ်းယူထားသည့်စစ်တပ်(စစ်ကောင်စီ)သည် လက်ရှိအချိန်ထိ လေကြောင်းအပြင် လက်နက်အင်အားများကို အစွမ်းကုန်အသုံးပြု၍ အရပ်သားများကို သတ်ဖြတ်ခြင်း၊မုဒိမ်းကျင့်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းအပါအဝင် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်လျက် ရှိနေသည်။

ထို့ကြောင့် အဆိုပါအကြမ်းဖက်စစ်တပ်(စစ်ကောင်စီတပ်)ကိုဖြုတ်ချပြီး  ပြည်သူလူထုကို ကာကွယ်ပေးသည့် ဖက်ဒရယ်တပ်မတော်တစ်ခုကို ထူထောင်နိုင်ရန်အတွက် နိုင်ငံရေးအစုအဖွဲ့များနှင့် ပြည်သူလူထုက   အားပေးမျှော်လင့်နေကြဆဲ ဖြစ်သည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး( security sector reform)အတွက် လက်ရှိစစ်တပ်ဖွဲ့စည်းပုံနှင့်တာဝန် ၊ ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်နှင့် ရာထူးခန့် စစ်ဆေးစည်းမျဉ်းများကို မဖြစ်မနေပြုပြင်ပြောင်းလဲသင့်ကြောင်း အမြင်ရှိသူတစ်ဦးဖြစ်သည်။

“နိုင်ငံရေးမှာ စစ်ဘက်ကဘယ်လိုမှ ပါဝင်ပတ်သက်ခွင့်မရှိဖို့ အဓိကထားရမှာမို့ပါ။ သူ့ မူလ စစ်ဖက်စွမ်းဆောင်ရည်တစ်ခုအတွက်ပဲ လုပ်ပိုင်ခွင့်နဲ့ တာဝန်ခံမှုရှိစေရပါမယ်” ဟု ၎င်းကပြောသည်။

 ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖယ်ဒရယ်တပ်မတော် တည်ထောင်နိုင်ရေး ဆောင်ရွက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံရေးအရ သဘောတူညီမှုများနှင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းပြီးမှသာလျှင် ဖက်ဒရယ်ဖွဲ့စည်းပုံများဖြင့် တပ်မတော်ကိစ္စကို စဉ်စားသင့်သည်ဟု အကြံပြုသည်။

“ဖက်ဒရယ်တပ်မတော်ကို ချက်ချင်းလုပ်မယ်ဆိုရင် နိုင်ငံရေးအရ အဆင်မချောရင် အဆင်မပြေဘူး။ ဒါတော့ကျနော့်အတွေ့ကြုံပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံရေးအရသဘောတူညီမှုများ ၊ ဖက်ဒရယ်ကတိကဝတ်များ ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် တိုင်းပြည်တည်ဆောက်ရေးတွင် အဓိကပါဝင်ရမည့် အစုအဖွဲ့များ (State Holder)များဖြင့်လည်း အစည်းအဝေးများ လုပ်ဆောင်လျက်ရှိနေပြီး မကြာမီတွင် သဘောထားများ ထုတ်ပြန်သွားမည်ဟု ဦးနေဘုန်းလတ်က  ပြီးခဲ့သည့် မေလ ၃ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required