ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းကို ချင်းကာကွယ်တပ်ဖွဲ့သိမ်းပိုက်

By ပါခွီး (မဇ္စျိမ)
27 April 2023
ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းကို ချင်းကာကွယ်တပ်ဖွဲ့သိမ်းပိုက်

ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီးမစ်လွင်ပြင်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ချင်းပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ခဲ့ကြောင်း ချင်းအမျိုးသား တပ်မတော် (CNA) ထံက သိရသည်။

ဧပြီလ ၂၆ရက် ညနေပိုင်းအချိန်တွင် တပ်စိတ် နှစ်စိတ် အင်အားဖြင့် အခြေစိုက် တပ်စွဲထားသော တောင်ကုန်းသုံးခု (စခန်းသုံးခု) ကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“တိုက်ပွဲမှာ လက်နက်ကြီးတချို့နဲ့ ကျည်ဆန်တွေသိမ်းပိုက်ရရှိခဲ့တယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။

စခန်းသုံးခုအနက်မှ တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၆၀မမ ၊ ၄၀မမ နှင့် RPG တစ်လက်စီ နှင့် ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့ကြောင်းဆိုသည်။

၎င်းတိုက်ပွဲအတွင်း CNA တပ်ဖွဲ့ မှ ရဲဘော်တစ်ဦးဖြစ်သော ဆလိုင်းဂျွန်စမစ် ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်မှလည်းသေဆုံးမှုများခဲ့ပြီး အသေးစိတ်အခြေအနေကို သိရှိရခြင်း မရှိသေးကြောင်းဆိုသည်။

ထို့အပြင် ဧပြီလ ၂၇ ရက် ယနေ့ ညနေ ၃နာရီခွဲခန့်၌ ထန်တလန်မြို့နယ် တလန်လိုကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ YAK – 130 Jet Fighter အသုံးပြုကာဗုံးနှစ်လုံးကြဲချခဲ့သဖြင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည့်အပြင် လူနေအိမ် ငါးလုံး ပျက်စီးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

မတ်လ ၃၀ ရက်နေ့ကလည်း ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly