တိုက်ပွဲနှင့် မိုင် ၂၀ ခန့်ဝေးသည့်ကျေးရွာများအား စစ်ကောင်စီတပ်ကဗုံးကြဲမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CNA ပြော

By ပါခွီး (မဇ္စျိမ)
14 August 2023
တိုက်ပွဲနှင့် မိုင် ၂၀ ခန့်ဝေးသည့်ကျေးရွာများအား စစ်ကောင်စီတပ်ကဗုံးကြဲမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CNA ပြော
ဓာတ်ပုံ- စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (The Chin Journal)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲဧရိယာနှင့် အလှမ်းဝေးသော ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၁၄ ဦး ဒဏ်ရာရရှိသွားကြောင်း ချင်း အမျိုးသားတပ်မတော်(CNA) ပြောခွင့်ရသူက မဇ္ဈိမကိုပြောသည်။

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် မဟာမိတ်များဝင် ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲနေရာနှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ရမ်ထလိုကျေးရွာနှင့် ဆွန်ထလာ ကျေးရွာတို့ကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

ဒေသခံပြည်သူများအပေါ် အကြမ်းဖက်ဗုံးကြဲမှုသည် စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ပြီး လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ချိုးဖောက်ကာစစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းဖြစ်ကြောင်း CNA ပြောခွင့်ရသူ ဆလိုင်း ထက်နီက  မဇ္ဈိမကို ပြောသည်။

“စကစရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာ အားလုံးအသိပါ။ CNF/CNA အနေနဲ့ လေယာဉ်မပျံသန်းရဇုန် အထိ တောင်းဆိုခဲ့ဖူးပြီ။ စကစအမြစ်ပြတ် ဖြုတ်ချရေးကလွဲလို့ ရွေးစရာမရှိဘူး” ဟု ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာတွင် ခုနစ်ဦးနှင့် ဆွန်ထလာကျေးရွာမှ ခုနစ် ဦး၊ စုစုပေါင်း ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်အနည်းဆုံး နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရ သည်။

ကျေးရွာအပေါ် ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သေ စေနိုင်သည့် ဗုံးကြဲတိုက်ခိုက်သောလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများနှင့်မိသားစုဝင် များကို ပံ့ပိုးကူညီမှုများပြုလုပ်ပေးကြရန်နှင့် စစ်ကောင်စီကို အမြန်ဆုံးအရေးယူရန်လိုအပ်ကြောင်းလည်း CNF က ထုတ်ပြန်ထားသည်။

ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) တပ်ရင်းကို ချင်းပူးပေါင်းတပ်ဖွဲ့ဖြစ်သော CNA ၊ CDF – KKG နှင့် CDF – Hualngoram တို့မှ ဩဂုတ်လ ၁၂ ရက် နံနက် ၁ နာရီခွဲမှ ၄ နာရီခွဲထိ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထိုတိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှလည်း CDF – KKG တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required