ကျောက်တံခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံး လက်နက်ခဲယမ်းများရရှိ

By ရွှေနွယ် (မဇ္ဈိမ)
10 August 2023
ကျောက်တံခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံး လက်နက်ခဲယမ်းများရရှိ
ပုံအညွှန်း - သမင်အင်းကုန်းရွာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကာ ယနေ့နံနက်အထိ အလောင်းများလာရောက်ကောက်ယူခြင်းမရှိသေးကြောင်း ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။

တိုက်ပွဲသည် နံနက် ၄ နာရီမှ စတင်ကာ နေ့လယ်ပိုင်းအထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အထိနာကာ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

"မနေ့ညဘက်ကတော့ ကျောက်တံခါး သူဌေးကုန်းဘက်နဲ့ ပိန်းဇလုပ်ဘက်က စစ်ကောင်စီတပ်တွေက သမင်အင်းကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်နေကြတယ်။ အလောင်းတွေ လာမကောက်သေးကြောင်း ဒေသခံတွေလည်းပြောပါတယ်” ဟု ကျောက်တံခါးမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ရေးတင်းမာနေရာ သမင်အင်းကုန်းကျေးရွာတွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ပြည်သူများသွားလာခြင်းမပြုရန်၊ သမင်အင်းကုန်းမှ ကျောက်တံခါးကားလမ်းမများပေါ်သို့ သွားလာခြင်းမပြုရန်၊ သမင်အင်းကုန်းမှ သူဌေးကုန်းကားလမ်းမပေါ်သို့သွားလာခြင်းမပြုရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မှ ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့နံနက်ပိုင်းက အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီမှ မိုဘိုင်းအင်တာနက်လိုင်းများကိုလည်းဖြတ်တောက်ထားကြောင်းသိရပြီး နောက်ဆက်တွဲစစ်ရေးအခြေအနေများကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required