အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း အမျိုးသမီးနှင့်ကလေးသူငယ် ၁,၀၀၀ ကျော် သေဆုံး

By ရွှေနွယ်
18 April 2023
အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း အမျိုးသမီးနှင့်ကလေးသူငယ် ၁,၀၀၀ ကျော် သေဆုံး

မဇ္ဈိမ။ ။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက် နေ့အထိ မြန်မာနိုင်ငံအဝှမ်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရက်များကြောင့် အမျိုးသမီး ၆၃၇ ဦးနှင့် ကလေးသူငယ် ၃၉၆ ဦးသေဆုံးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ အမျိုးသမီးနှင့်ကလေးသူငယ် ၁,၀၃၃ ဦးသေဆုံးထားသည့်အပြင် အမျိုးသမီး ၃၃၆၄ ဦးနှင့် ကလေးသူငယ် ၃၅၅ ဦးတို့သည် နိုင်ငံအဝှမ်းရှိ အကျဉ်းထောင်အချုပ်ထောင်များထဲတွင် ဖမ်းဆီးခံထားရ ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဧပြီလ ၁၂ ရက်နေ့ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးစဉ်မှစ၍ လက်ရှိအချိန်ကာလအထိ ကျဆုံးပြည်သူဦးရေ ၃,၂၄၀ ဦး ရှိနေ ပြီး ၂၁,၃၄၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါ စာရင်းအချက်အလက်များအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏အကြမ်းဖက်မှုများကြောင့် သေဆုံးသူများထဲတွင် အမျိုးသမီးနှင့်ကလေးသူငယ် ၃၂ ရာခိုင်နှုန်းပါဝင်နေပြီး ဖမ်းဆီးချုပ်နှောင်ခံထားရ သူများထဲတွင် အမျိုးသမီးနှင့်ကလေးသူငယ် ၁၇ ရာခိုင်နှုန်းပါဝင်နေသည်။

မကြာသေးမီကဖြစ်ပွားခဲ့သော ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အပြစ်မဲ့ကလေးငယ် ၄၀ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရက်များကြောင့် အပြစ်မဲ့ကလေးငယ်သေဆုံးရမှုသည် စစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ်ကြောင်း အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကလေးသူငယ်သေဆုံးမှုသည် ၂၀၂၂ ခုနှစ်အတွင်းအများဆုံးဖြစ်ခဲ့ပြီး ၁၈၀ ဦးသေဆုံးခဲ့ရကာ ၂၀၂၁ ခုနှစ် အတွင်း၌ ၉၅ ဦးသေဆုံးခဲ့ရသည်။

လက်ရှိ ၂၀၂၃ ခုနှစ် သုံးလကျော်ကြာကာလအတွင်းတွင်မူ ကလေးငယ် ၁၂၁ ဦးသေဆုံးဖြင့် စံချိန်တင် နေသည်။

ပဇီကြီးကျေးရွာဖြစ်စဉ်အပါအဝင် နိုင်ငံအဝှမ်း စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ပြည်သူသေဆုံးရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအား အမျိုးသားညီညွတ်ရေးအစိုးရ လူ့ အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်မှတ်တမ်းတင်ခြင်း၊ မြေပြင်ဖြစ်စဉ်အသေးစိတ်အား မေး မြန်းမှတ်တမ်းတင်ခြင်းများပြုလုပ်ပြီး အချက်အလက်အသေးစိတ်အား IIMM ၊ UN Special Reproter တို့ထံပေးပို့နေပြီး စစ်ကောင်စီအား နိုင်ငံတကာခုံရုံးသို့တရားစွဲတင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required