မြောင်ပညာရေးကွန်ရက်မှ ကွန်ပြူတာနှင့်အင်္ဂလိပ်စာ သင်တန်းများဖွင့်မည် 

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
30 June 2023
မြောင်ပညာရေးကွန်ရက်မှ ကွန်ပြူတာနှင့်အင်္ဂလိပ်စာ သင်တန်းများဖွင့်မည် 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံပညာပြီးမြောက်ကြောင်း ဖြေဆိုထားသည့်‌ ကျောင်းသားကျောင်းသူများကို အခြေခံ ကွန်ပြူတာနှင့်အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်ထားရန်စီစဉ်ထားပြီး မြေပြင်အခြေနေများ အပြောင်းအလဲရှိသည့်အတွက် အတိအကျမပြောနိုင်သေးကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူ ဆရာရတနာသိင်္ခက မဇ္ဈိမကိုပြောသည်။

“အခြားသင်တန်းတွေတော့ စဉ်းစားထားတာမရှိသေးဘူး။ Speaking နဲ့ ကွန်ပြူတာပဲ လောလောဆယ် စဉ်းစားထားပါတယ်” ဟု ၎င်းကပြောသည်။

ဖွင့်လှစ်နိုင်ရန်အတွက် ကွန်ရက်မှ ကွန်ပြူတာ ၁၀ လုံး မတည်ထားရှိသွားရန် ရည်ရွယ်ထားပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများဝယ်ယူသွားရန်အတွက်  ငွေကြေးလိုအပ်ချက်များလည်း ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် အခြေခံပညာစာမေးပွဲပြီးမြောက်ကြောင်း စာ‌မေးပွဲကို စစ်ဆေးခဲ့သည်။ အဆိုပါစာမေးပွဲကို မြောင်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများလည်း ဝင်ရောက်ဖြေဆိုခဲ့သည်။

ကျောင်းသားကျောင်းသူအရေအတွက်ကိုမူ မြေပြင်တွင် စာမေးပွဲမဖြေဖြစ်သည့် ကျောင်းသားများနှင့် အခြားဒေသများသို့ ထွက်သွားသည့်ကျောင်းသားများလည်းရှိသည့်အတွက်  မြောင်ပညာရေးကွန်ရက်အနေဖြင့် သီးခြားပြောပြနိုင်ခြင်း မရှိသေးကြောင်းပြောသည်။ မြောင်မြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသော နေရာများဖြစ်ပြီး စစ်ကောင်စီက ကျောင်းများ လုံးဝဖွင့်လှစ်နိုင်ခြင်း မရှိပေ။

ပြီးခဲ့သည့်နှစ်စာရင်းအရ မြောင်ပညာရေးကွန်ရက်၏ လက်အောက်တွင်ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅,၀၀၀ ကျော် တက်ရောက်ပြီး ဆရာဆရာမအင်အား ၅၀၀ ဖြင့်သင်ကြားပေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကျောင်းသားကျောင်းသူများသည် စစ်ကောင်စီလက်အောက်သို့ရောက်ရှိသွားသည့် စာသင်ကျောင်းများကို ကျောခိုင်းလိုက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်တော်လှန်ရေးအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းများတွင် ပညာသင်ကြားမှုများပြလုပ်လျက် ရှိနေကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required