ချင်းစစ်ဘေးရှောင်များ ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေ

By ပါခွီး (မဇ္စျိမ)
18 July 2023
ချင်းစစ်ဘေးရှောင်များ ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေ
ဓာတ်ပုံ - ချင်းရေးရာအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် ဆေးကုသဆောင်

ချင်းပြည်နယ်အတွင်းနှင့် အိန္ဒိယ - မြန်မာနယ်စပ်သို့ စစ်ဘေးရှောင်နေရသူများတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေကြောင်း ကူညီပေးရေး အဖွဲ့ထံမှသိရသည်။

တစ်ကျော့ပြန် ဖြစ်ပွားလာသည့် ငှက်ဖျားရောဂါကြောင့် သေဆုံးသူအချို့ရှိနေပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူများတွင် ပိုမိုဖြစ်ပွားလာနေကြောင်းဆိုသည်။

“စစ်ဘေးရှောင်တွေမှာ အဖြစ်များနေပါတယ် ၊ ချင်းပြည်နယ်တစ်ခုလုံးအနေနဲ့ အရင်နှစ်တွေထက်ပိုမိုများပြားတဲ့ အနေအထားပါ ၊ ကျနော်တို့ရဲ့ နယ်စပ်နဲ့ မိုဘိုင်းဆေးဝါး ကုသပေးတဲ့နေရာတွေမှာ လူနာတွေရဲ့ ၂၀ရာခိုင်နှုန်းကျော်က ငှက်ဖျားရောဂါဖြစ်နေ တာကိုတွေ့ရပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်း ဗန်ဆွီးစံ က မဇ္စျိမ ကို ပြောသည်။

စစ်ဘေးရှောင်များသည် နေရပ်ရင်းမှ ကမန်းကတန်း ထွက်ပြေးတိမ်းရှောင်လာကြရသောကြောင့် ခြင်ထောင်များပါမလာခြင်း ၊ တောတောင်ထဲတွင် လူအစုလိုက် နှင့် နေထိုင်ကြရသည့်အတွက် ပိုမိုအဖြစ်များလာနိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီအာဏာမသိမ်းခင်က ပပျောက်လုနီးဖြစ်ခဲ့သော ငှက်ဖျားရောဂါသည် တိုက်ဖျက်ရေးစီမံချက်များပျက်ပြားခဲ့ပြီး  ကြိုတင်ကာကွယ်မှုများ မပြုလုပ်နိုင်သဖြင့် ဖြစ်ပွားမှုနှုန်းပြန်လည်မြင့်တက်လာနိုင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

လတ်တလော ဆေးဝါးကုသရေးကိုပဲ ပြုလုပ်နိုင်သေးပြီး နယ်စပ်ဒေသနှင့် ချင်းပြည် နယ်တစ်ဝန်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးရန်လိုအပ်ပြီး ခြင်ဆေး ၊ ခြင်ထောင် စသဖြင့် ပံ့ပိုးမှုများနှင့် အခြားကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ချင်းရေးရာအဖွဲ့ချုပ်အနေဖြင့် ချင်းပြည်နယ်အတွင်း လူနာပေါင်း ၇,၀၀၀ကျော်ကို ဆေးဝါးကုသမှုပြုလုပ်ခဲ့ပြီး မီဇိုရမ်နယ်အတွင်းရှိ စစ်ဘေးရှောင် ၅,၀၀၀ ကျော်ကို လည်း ပြုစုကုသပေးခဲ့ပြီးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required