မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်တာနက် Crypto နဲ့ Web 3.0နည်းပညာ အပြောင်းအလဲခေတ် တစ်ခုမှာ ထပ်ပြီး နောက်ကျနေခဲ့ပြီလား?

By Bitcoin Myanmar Initiative
08 April 2023
မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်တာနက် Crypto နဲ့ Web 3.0နည်းပညာ အပြောင်းအလဲခေတ် တစ်ခုမှာ ထပ်ပြီး နောက်ကျနေခဲ့ပြီလား?

https://www.facebook.com/bitcoin.MM.initiatve

စစ်အာဏာရှင် သန်းရွှေခေတ်တုန်းက ယနေ့ခေတ်ကာလမှာ အလကားနီးပါးရနေတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို သိန်း ၃၀ ဝန်းကျင် အထိပေးပြီးမှသာလျှင် ဝယ်ယူရရှိနိုင်ပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ အတွက် တခြား နိုင်ငံတကာမှာ အင်တာနက်တွေ အလွယ်တကူ အသုံးပြုလို့ရနေချိန်မှာ မြန်မာနိုင်ငံမှာ အင်တာနက်ကို အလွယ်တကူ သုံးစွဲမရအောင် ကန့်သက်ထားပါတယ်။ စစ်တမ်းတချို့ရဲ့ ဖော်ပြချက်အရ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်းဟာ မြောက်ကိုရီးယားနိုင်ငံထက်တောင် နည်းတယ်လို့ ဆိုထားပါတယ်။  ဒီလို နည်းပညာတွေကို ပိတ်ဆို့မှုကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ဝန်းကျင် မြန်မာနိုင်ငံ အင်တာနက်ခေတ်ဦး ကာလမှာ အင်တာနက် အသုံးပြုခြင်းကို ညစ်ညမ်းရုပ်ရှင်ကြည့်တဲ့နေရာ၊ ချစ်သူရည်းစားရှာတဲ့နေရာလို့ လူအများစုက ထင်မှတ်မှားကြပါတယ်။ နောက်ပိုင်း နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ Telenor နဲ့ Ooredoo လုပ်ငန်းကြီးတွေ ဝင်ရောက်လာတဲ့ အချိန်မှာတော့ ကျေးလက်၊ မြို့ပြ အလျှင်အမြန် ဆက်သွယ်လာနိုင်ခဲ့ပြီး ပညာရေး၊ ဗဟုသုတ နဲ့ အသိအမြင်တွေကို ဖုန်းပေါ်ကနေ အလွယ်တကူ ဖလှယ်လာနိုင်ခဲ့ပြီး ကမ္ဘာ့ အင်တာနက် အသုံးပြုသူ တိုးတက်မှု အမြန်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။

အင်တာနက်ဟာ ၂၀၂၁ မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ အဓိကကျတဲ့ အခြေခံ အဆောက်အဦးထဲက တစ်ခုဖြစ်ပါတယ်။ အင်တာနက်နည်းပညာကြောင့် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ ရပ်တန့်မသွားဘဲ ဆက်ပြီး အားကောင်းနေခဲ့တာပါ။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းမှုရဲ့ သက်ရောက်မှုကြောင့် အခုချိန်မှာ မြန်မာနိုင်ငံရဲ့လူမှုအကျိုးစီးပွား အဖက်ဖက်မှာ ဆိုးယုတ်လာခဲ့ပါတယ်။

နည်းပညာ အသစ်ဖြစ်ပေါ်လာတိုင်း အကောင်းရှိသလို၊ အဆိုးတွေလည်း ရှိပါတယ်။ အမှောင်ခေတ်ကာလတုန်းက မြန်မာပြည်မှာ အင်တာနက်ကို ညစ်ညမ်းရုပ်ရှင်ကြည့်တဲ့နေရာ၊ ချစ်သူရည်းစားရှာတဲ့နေရာလို့ လူအများ အထင်မှတ်မှားခဲ့ခြင်းကနေ ယနေ့အချိန်မှာတော့ အင်တာနက်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝ ဖြစ်လာခဲ့ပါပြီ။ ကမ္ဘာပေါ်က နောက်ဆုံးပေါ် နည်းပညာလှိုင်းဖြစ်တဲ့ Crypto နဲ့ Web 3.0 မှာတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်လျှင်တောင် နောက်ဆုံး အဆင့်မှာ ရှိနေပါတယ်။

စစ်အာဏာသိမ်းခြင်း၊ ပြည်သူအများစု စားဝတ်နေရေး အခက်အခဲဖြစ်လာခြင်း၊ Crypto နဲ့ ပက်သက်ပြီး လူလိမ်လူညာတွေ အလွန်များခြင်း စတဲ့ အချက်တွေကြောင့် လူအများစုက Crypto နဲ့ Web 3.0 နည်းပညာ အသစ်အဆန်းများကို လေ့လာဖို့ အတွက် အရေးကြီးတဲ့ ဦးစားပေး စာရင်းထဲမှာ မထည့်ထားကြပါဘူး။ ဒါပေမယ့်လည်း ကမ္ဘာ့နိုင်ငံတဝန်းမှာ အတားအဆီး မရှိတဲ့ Bitcoin နဲ့ Crypto နည်းပညာများကို အသုံးပြုပြီး အာဏာရှင်ကို တိုက်ခိုက်တာတွေ၊ ဘဏ်တွေရဲ့ လူပါးဝမှုကို ကာကွယ်တာတွေ၊ အန္တရာယ်ရှိတဲ့ ဒေသတွေကနေ ထွက်ပြေးတာတွေ စသဖြင့် လူ့အခွင့်အရေး အတွက် အသုံးပြုနေတဲ့ ဥပမာတွေ အများအပြားရှိနေပါတယ်။

ထင်ရှားတဲ့ Crypto သုတေသနပြုလုပ်တဲ့ Chainalysis ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ Crypto အသုံးပြုသူ တိုးတက်မှုနှုန်းဟာ ကမ္ဘာ့အဆင့် ၁၁၆ မှာ ရှိပြီး ၂၀၂၂ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့် ၇၃ အထိ တိုးတက်လာခဲ့ပါတယ်။ အာဆီယံ ဒေသအတွင်းမှာဆိုရင်တော့ လူဦးရေ သန်း ၅၀ ဝန်းကျင်ရှိတဲ့ မြန်မာနိုင်ငံရဲ့ နောက်မှာ လူဦးရေ ၇ သန်းဝန်းကျင်ပဲရှိတဲ့ လာအိုနိုင်ငံနဲ့ လူဦးရေ ၅ သိန်းဝန်းကျင်ပဲရှိတဲ့ ဘရူနိုင်းနိုင်ငံတို့ပဲ ကျန်ပါတော့တယ်။ အိမ်နီးချင်း ဗီယမ်နိမ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတော့ Crypto သုံးစွဲမှု တိုးတက်လာခြင်း အဆင့်အတန်းမှာ ကမ္ဘာ့ အဆင့် ၁ နဲ့ ၂ နေရာ အထိ ရှိလာပြီးတော့ နည်းပညာ ရေလှိုင်းသစ်နဲ့ အတူ ဆက်လက် ပြောင်းလဲ တိုးတက်နေပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ခံရတဲ့ ယူကရိန်းနိုင်ငံကတော့ Crypto သုံးစွဲမှု တိုးတက်နှုန်းမှာ ကမ္ဘာ့အဆင့် ၃ အထိ ရှိလာခဲ့ပါတယ်။ ဒီလို ပြောင်းလဲ လာခဲ့တာတွေဟာလည်း အထူးအဆန်းမဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ ယူကရိန်းအစိုးရအနေနဲ့ ရုရှားကျူးကျော်စစ် စတင်ချိန်တုန်းက တစ်ကမ္ဘာလုံးမှ Crypto နဲ့ အလှုခံပြီး အကူအညီရယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယူကရိန်းငွေကြေးစနစ် hryvnia တန်ဖိုးကျလာခြင်းကို ကာကွယ်တဲ့ အနေနဲ့ ဥပဒေထုတ်ပြီး ယူကရိန်းနိုင်ငံတွင်းမှာ Bitcoin နဲ့ တခြားသော Crypto ငွေကြေးတွေကို ဝယ်ယူမှုကို နိုင်ငံခြားငွေနဲ့ပဲ ပြုလုပ်ဖို့ နဲ့ တစ်လကို အမေရိကန်ဒေါ်လာ ၃၃၀၀ တန်ဖိုးပဲ ဝယ်ဖို့ ကန့်သက်လိုက်ပါတယ်။ ယူကရိန်းမှ စစ်ဘေးကြောင့် ထွက်ပြေးခဲ့ရသူတွေကတော့ အင်တာနက်ငွေကြေးစနစ်ကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ဘဏ်ပိတ်ဆို့ခံရမှုတွေကို Bitcoin, Crypto အသုံးပြုပြီး ကျော်လွှားပြီး အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသူတွေ၊ အာဏာရှင်လက်အောက်ကလွတ်မြောက်သွားသူတွေလည်း အများအပြား ရှိပါတယ်။ သို့ပေမယ့်လည်း Crypto ဟာ သုံးတက်ရင် ဆေး မသုံးတက်ရင် ဘေး ဆိုသလို လူလိမ်တွေကြောင့်၊ စစ်တပ်ရဲ့ ပြည်သူတွေကို စားဝတ်နေရေးပဲ အာရုံစိုက်စေတဲ့ ဗျူဟာကြောင့် မြန်မာနိုင်ငံရဲ့ နည်းပညာ အသစ်ပေါ် လေ့လာမှုတွေ အနည်းငယ်နှောင့်နှေးနေသေးတာလို့ ထင်မြင်မိပါတယ်။

ကိုးကား

- Chainalysis: The 2022 Geography of Cryptocurrency Report

- Chainalysis: The 2023 Geography of Cryptocurrency Report

- Ukraine bans Bitcoin purchases with local currency amid martial law (Cointelegraph)

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required