KNU တပ်မဟာ (၂) နယ်မြေတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ တိမ်းရှောင်နေရ 

By YT  ( မဇ္ဈိမ)
05 April 2023
KNU တပ်မဟာ (၂) နယ်မြေတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ တိမ်းရှောင်နေရ 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား သာစည်ကျေးရွာနှင့် မလောက်ချောင်းကျေးရွာကြားရှိ ပိန်းဆန်းတွင် သံတောင်မြောက်ပိုင်း (အထူးဒေသ) မှ ချုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ) NTDF က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့ကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး သံတောင်မြောက်ပိုင်း (အထူးဒေသ) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဒါ့အပြင် လိပ်သိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်သားများအကြား စစ်ရေးတင်းမာလျက်ရှိပြီး ဒေသခံများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း  မြေပြင်သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

" သံတောင်မြောက်ပိုင်းရွာအားလုံး ကစဥ့်ကလျားဖြစ်ကုန်ပြီ။ ဒေသခံတွေတော့ ထွက်ပြေးတိမ်းရှောင်နေကြပါပြီ" ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က တပ်မဟာ (၂) နယ်မြေ၊ ရေတာရှည်မြို့နယ်၊ ရှမ်းစုရွာနှင့် ရေနံကျေးရွာတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဧပြီလ ၃ ရက်နေ့တွင် ပင်းသီလာရွာ၊ ဆက်ရစ်ရိုးကုန်းရွာ၊ ရွှေသောင်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်တွင် အထိအခိုက်များသော်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ 

" တိုက်ပွဲကတော့ လက်ရှိဖြစ်နေဆဲပါ။ တိုက်ပွဲသတင်းအသေးစိတ်ကိုတော့ အခြေအနေအရ ပြောပြလို့မရနိုင်သေးပါဘူး" ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဒါ့အပြင် ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင် ရေတာရှည်မြို့နယ်၊ မျက်နှာပြင်ကျေးရွာ၊ ရွှေသောင်ရွာ၊ နှောပင်ကျေးရွာ အစရှိသော ကျေးရွာများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

" မနေ့က ၅ နာရီကျော်လောက်မှာ မျက်နှာပြင်ရွာထဲ ကြဲချတယ်။ ရေတာရှည်နဲ့နီးတယ် အဲ့ဒီရွာက။ အထိအခိုက်တွေတော့ မသိရသေးဘူး" ဟုမြေပြင်သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

တပ်မဟာ (၂) အတွင်း တိုက်ပွဲပြင်းထန်မှုများကြောင့် သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ၊ ရေတာရှည်မြို့နယ်၊ မျက်နှာပြင်ကျေးရွာ၊ ရွှေသောင်ကျေးရွာ၊ နှောပင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required