ထန်တလန်မြို့ ခွါဖိုရွာအား  စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသွားသူများကို သင်္ဂြိုဟ်ပြီးစီး၊ ဒဏ်ရာရသူများ ‌‌ဆေးကုသနေရဆဲဟုဆို 

By ပါခွီး (မဇ္စျိမ)
31 March 2023
ထန်တလန်မြို့ ခွါဖိုရွာအား  စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသွားသူများကို သင်္ဂြိုဟ်ပြီးစီး၊ ဒဏ်ရာရသူများ ‌‌ဆေးကုသနေရဆဲဟုဆို 

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသူများအား ယမန်နေ့ မတ်လ ၃၀ရက်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။ 

ခွါဖိုကျေးရွာကို မတ်လ ၃၀ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ကိုးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၀နှစ်အောက် ကလေးနှစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

“မြေပြင်မှာတိုက်ပွဲမရှိဘူး။အရပ်သားပြည်သူတွေကို တမင်သက်သက်တိုက်ခိုက်တာဖြစ်တယ်။ ကျနော်တို့နဲ့ ဒေသခံပြည်သူလူထုအကြား သွေးကွဲအောင်လုပ်တဲ့ ဖြတ်လေးဖြတ်ထဲက ပေါ်လစီတခုကို သူတို့ရဲ့ ဗျူဟာအဟောင်းကြီးအတိုင်း လုပ်တာဖြစ်တယ်။ အဲလိုလုပ်နိုင်အောင်လည်း ချင်းတောင်ကို စစ်အုပ်ချုပ်ရေးဆိုတာကို ကြေညာထားတာ” ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

ထန်တလန်မြို့နှင့် ခွါဖိုကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားခြင်း မရှိသကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ 

ယင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုများရှိခဲ့သည့်အပြင်  ဘုရားကျောင်းနှင့် လူနေအိမ် အချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးကုသပေးနေဆဲဖြစ်ပြီး အချို့သည်ဒဏ်ရာပြင်းထန်ကြောင်းသတင်းရရှိသည်။ 

ယခုလုပ်ရပ်သည်  စစ်ကောင်စီအနေဖြင့် တိုင်းရင်းသား လူမျိုးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ်  အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲဖော်ပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ လူမဆန်သော လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့မတ်လ၃၁ရက်တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သည်  စစ်ရာဇဝတ်မှုကို ထပ်တလဲလဲ ကျူးလွန်ခြင်းဖြစ်ပြီး ချင်းတမျိုးသားလုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တခဲနက် ဆက်လက်ဆန့်ကျင် တော်လှန်ကြရန် ICNCCက တိုက်တွန်းထားသည်။ ထို့အပြင်ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သေဆုံးထိခိုက်ရသူများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး လူမဆန်သည့်လုပ်ရပ်ကို အကြိမ်ကြိမ်ကျူးလွန်နေသော စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူများအနေဖြင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်သည်အထိချေမှုန်းကြရန် ICNCCက တိုက်တွန်းထားသည်။

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။မောင်ကြီး 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required