ဒုက္ခသည်နေရပ်ပြန်လာရေး စစ်ကောင်စီ၏ ကမ်းလှမ်းချက်အပေါ် ရိုဟင်ဂျာများ သံသယရှိနေ

ဒုက္ခသည်နေရပ်ပြန်လာရေး စစ်ကောင်စီ၏ ကမ်းလှမ်းချက်အပေါ် ရိုဟင်ဂျာများ သံသယရှိနေ
AFP

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ ၎င်းတို့၏ မူလနေရပ်သို့ ပြန်လာစေရေး မြန်မာစစ်ကောင်စီ၏ ကမ်းလှမ်းချက်အပေါ် သံသယရှိနေမိကြောင်း အဆိုပါ ရိုဟင်ဂျာဒုက္ခသည်များက မတ်လ ၂၂ ရက်တွင် ပြောသည်။

ဖိစီးနှိပ်စက်ခံ ရိုဟင်ဂျာလူနည်းစုဝင်များကို အစောဆုံး လာမည့်လတွင် ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာစစ်ကောင်စီလက်အောက်ခံ အရာရှိ ၁၇ ဦး ပါသော ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်တွင် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ပြီး နေရပ်ပြန်ရေးအတွက် ဖြစ်နိုင်ခြေအလားအလာရှိ ရိုဟင်ဂျာများကို တွေ့ဆုံမေးမြန်းခဲ့သည်။ ဤမတိုင်မီ ငါးနှစ်ကျော်အကြာခန့်က မြန်မာနိုင်ငံတွင် စစ်တပ်၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကြောင့် ရိုဟင်ဂျာတို့သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးထားခဲ့ကြရသည်။

တရုတ်က ကြားဝင်ညှိနှိုင်းပေးပြီး ကုလသမဂ္ဂက တစ်စိတ်တစ်ဒေသအားဖြင့် ပံ့ပိုးပေးခဲ့သည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြား ရိုဟင်ဂျာ မူလနေရပ်ပြန်ရေး သဘောတူညီချက်တစ်ခုကို အသက်သွင်းခြင်းလည်း ဖြစ်သည်။ ဒုက္ခသည်များ နေရပ်ပြန်ပါက ဘေးကင်းလုံခြုံမည် မဟုတ်ဆိုပြီး စိုးရိမ်ပူပန်မှုများကြောင့် ထိုသဘောတူညီချက်သည် နှစ်များကြာ တိုးတက်မှု မရှိဘဲ တန့်အီနေခဲ့သည်။

သို့သော် ယခု စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံမေးမြန်းခြင်းကို ခံခဲ့ရသည့် ရိုဟင်ဂျာများက အေအက်ဖ်ပီကို ပြောကြားရာတွင် ၎င်းတို့၏ လုံခြုံရေး သို့မဟုတ် မြန်မာနိုင်ငံတွင် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုခံရမည်လား ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့ဘက်က မေးခွန်းများမေးမြန်းခဲ့သော်လည်း အဖြေမရခဲ့ကြောင်း ပြောကြသည်။

“သူတို့ (မြန်မာစစ်တပ်) က အဲဒီမှာ (မြန်မာနိုင်ငံမှာ) ကျွန်မတို့အပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ဖူးပါတယ်။ အဲဒီမှာ ကျွန်မတို့ ပုံမှန်နေထိုင်မှုဘဝနဲ့ နေလို့ရနိုင်မှာလားလို့ ကျွန်မ မေးခဲ့တယ်။ ဒါပေမယ့် သူတို့က အဲဒီတွေ မမေးဖို့ ကျွန်မကို ဟန့်တားခဲ့တယ်” ဟု အသက် ၄၀ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သည့် ရှမ်ဆွန် နာဟာက အေအက်ဖ်ပီကို ပြောသည်။

“သူတို့က နောက်ထပ် ဘာမေးခွန်းကိုမှ ထပ်မမေးစေချင်ခဲ့ဘူး” ဟု သူမက ဆိုသည်။ “သူတို့ ကျွန်မတို့ကို မြန်မာပြည်ဆီ ခေါ်လိမ့်မယ်လို့ ကျွန်မတော့ မထင်ပါဘူး။ တကယ်လို့ ခေါ်တယ်ဆိုရင်လည်း သူတို့က ကျွန်မတို့ကို ဘာအခွင့်အရေးမှ ပေးမှာ မဟုတ်ပါဘူး” ဟု သူမက ပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရိုဟင်ဂျာ တစ်သန်းခန့် နေထိုင်ရာ ဒုက္ခသည်စခန်းများတွင် တစ်ပတ်ကြာ ရှိခဲ့ပြီးနောက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြန်လာခဲ့သည်။

မြန်မာအနေဖြင့် ရိုဟင်ဂျာ နေရပ်ပြန်လာရေး လုပ်ငန်းစဉ်ကို ဧပြီလလယ်တွင် စတင်ဖွယ်ရှိပြီး ကနဦးအနေဖြင့် ဒုက္ခသည် ၁,၀၀၀ ခန့်ကို ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အေအက်ဖ်ပီကို ပြောသည်။

စစ်ကောင်စီ ကိုယ်စားလှယ်များသည် ဒုက္ခသည်များ ဖြစ်နိုင်ဖွယ်ရာ နေရပ်ပြန်မှုအတွက် အကဲခတ်ရန် ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် သွားရောက်ခြင်း ဖြစ်ပြီး ဒုက္ခသည်များဘက်က ၂၀၁၇ ဖြိုခွင်းနှိမ်နင်းမှုမတိုင်မီက မြန်မာနိုင်ငံတွင် ၎င်းတို့ နေထိုင်ကြောင်းကို သက်သေပြသနိုင်မလား ဆိုသည့်အပေါ် တစ်စိတ်တစ်ဒေသ အခြေခံပြီး အကဲဖြတ်ရန် သွားရောက်ခြင်းလည်း ဖြစ်သည်။

သို့သော် ကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံမေးမြန်းခြင်းကို ခံခဲ့ရသည့် အခြားသော ဒုက္ခသည်တစ်ဦးက ပြောကြားရာတွင် ၎င်းသည် မြန်မာနိုင်ငံတွင် ၎င်းနေထိုင်ခဲ့ကြောင်းကို သက်သေပြသည့် အထောက်အထားစာရွက်ကို ပြခဲ့သော်လည်း မယုံသင်္ကာပုံစံဖြင့် ဆက်ဆံခံခဲ့ရကြောင်း ပြောသည်။

“အထောက်အထား စာရွက်စာတမ်း အားလုံးကို ကျွန်တော် သူတို့ကို ပြခဲ့တာပဲလေ” ဟု အသက် ၅၀ နှစ်အရွယ် ဆိုယွတ်ဒ် ဟူစိန်က အေအက်ဖ်ပီကို ပြောသည်။ “ဒါပေမယ့် ကျွန်တော်ရဲ့ စာရွက်စာတမ်းတွေက အစစ်တွေဆိုပြီး သူတို့ ယုံမယ်လို့ ကျွန်တော် မထင်ဘူး”

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်မှ လာသည့် ကျူးကျော်သူများ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသော်လည်း နိုင်ငံတွင် ၎င်းတို့နှင့်ပတ်သက်သည့် အကြောင်းရင်း၊ အရင်းအမြစ်များက ရာစုနှစ်များအကြာကတည်းကအဖြစ် ရှိနေသည်။ မြန်မာအာဏာပိုင်တို့က ၂၀၁၅ တွင် ၎င်းတို့၏ နိုင်ငံသားဖြစ်မှုကို အသိအမှတ်ပြုမှု ရပ်စဲခဲ့ပြီးနောက် ၎င်းတို့သည် နိုင်ငံမဲ့ဖြစ်နေသည်။

၂၀၁၇ ဖြိုခွင်းနှိမ်နင်းမှုအတွင်း စစ်တပ်အကြီးအကဲ ဖြစ်ခဲ့သည့် လက်ရှိစစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်သည် ရိုဟင်ဂျာ အထောက်အထားလက္ခဏာကို “စိတ်ကူးသက်သက်” အဖြစ် ပယ်ချထားသည်။

အဆိုပါနှစ် အကြမ်းဖက်မှုက ယခုအခါ လူမျိုးတုံးသတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ရင်ဆိုင်နေရပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့များ (အာဏာသိမ်းစစ်တပ်) က ရိုဟင်ဂျာကျေးရွာများအပေါ် မီးရှို့ခြင်း၊ လူသတ်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းတို့ ကျူးလွန်သည် ဆိုသည့် စွပ်စွဲချက်များကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က စုံစမ်းစစ်ဆေးလျက် ရှိသည်။

မြန်မာစစ်အုပ်စုသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ဝေဖန်ပြစ်တင်မှုကို ရှောင်တိမ်းရန် “မည်ကာမတ္တသဘော” ဒုက္ခသည်များ နေရပ်ပြန်လာမှုကို ဇာတ်တိုက်ရန် စီစဉ်နေကြောင်း လူသိများသည့် ပြည်ပရောက် ရိုဟင်ဂျာ အစုအဖွဲ့တစ်ခုဖြစ်သည့် အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ်အဖွဲ့က စွပ်စွဲသည်။

မြန်မာနိုင်ငံရှိ လက်ရှိအခြေအနေများသည် ရိုဟင်ဂျာဒုက္ခသည်များ၏ “ရေရှည်ခိုင်မာသော နေရပ်ပြန်မှု” အတွက် သင့်တော်မှု မရှိသေးဘဲ ဖြစ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက မတ်လ ၁၉ ရက်တွင် ထပ်မံ ပြောကြားသည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်က မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားရောက်မှုကို ကူညီပံ့ပိုးပေးခဲ့ခြင်းအတွက် အဆိုပါ ကုလအေဂျင်စီအပေါ် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဝေဖန်ခဲ့သည်။

ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ၂၀၁၇ ဖြိုခွင်းနှိမ်နင်းမှုဖြစ်စဉ်နောက်ပိုင်း မကြာမီ ကနဦး သဘောတူခဲ့ခြင်း ဖြစ်သော်လည်း ယင်းနောက်ပိုင်း သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့ခြင်း မရှိပေ။

မြန်မာသည် ဒုက္ခသည်များ နေရပ်ပြန်လာရေးကို ပံ့ပိုးဆောင်ရွက်ရန် စိတ်ဝင်စားမှု မရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသလို ရိုဟင်ဂျာများအနေဖြင့် မူလနေရပ် ပြန်သွားပါက ဘေးကင်းမည် မဟုတ်ကြောင်း ကုလနှင့် လူသားချင်းစာနာမှု အေဂျင်စီများက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required