KNU တပ်မဟာ (၃) နယ်မြေရှိ ကျေးရွာအချို့တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရ 

By YTမဇ္ဈိမ
22 March 2023
KNU တပ်မဟာ (၃) နယ်မြေရှိ ကျေးရွာအချို့တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရ 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာ အချို့အား စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦးထိခိုက် ဒဏ်ရာ ရပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် ကိုးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံး ၂၈ လုံးထက်မနည်း ကြဲချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်သည် မတ်လ ၂၀ ရက်နေ့က တိုက်လေယာဉ်နှစ်စီးဖြင့် ကျောက်ကြီးမြို့နယ်၊ တကော်တဲ ကျေးရွာအတွင်းသို့ ဗုံးရှစ်လုံးခန့်ကြဲခဲ့ရာ ထွက်မပြေးနိုင်၍ အိမ်ထဲတွင်ပုန်းနေသော အသက်(၇၀)အရွယ် အဖိုးအို စောဘလယ်ထူး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်ငါးလုံးနှင့် မူလတန်း စာသင်ကျောင်းတစ်ကျောင်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“မီးလောင်သွားတဲ့ထဲ အမျိုးအိမ်ပါသွားတယ်။ ကျွန်မတို့ရွာမှာတော့ အဆင်ပြေပါသေးတယ်။ ဘေးရွာ တွေကတော့ ပြေးနေကြရပြီ။ ပြေးနေကြရတဲ့ထဲ အိမ်တွေပါမီးလောင်သွားတာသိရတော့ စိတ် မကောင်း ဘူး” ဟု ကျောက်ကြီးမြို့နယ်အတွင်းမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အလားတူ ရွှေကျင်မြို့နယ် တကက်ပူကျေးရွာသို့ တိုက်လေယာဉ်နှစ်စီးဖြင့် ငါးကြိမ်တိုင်တိုင် ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး တစ်ကြိမ်လျှင် ဗုံးလေးလုံးခန့်ကြဲခဲ့ကြောင်း သိရသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရွှေကျင်မြို့နယ်မှ တကက်ပူ၊ သေခိုစယ်ဒဲ ကော်မူဒဲနှင့် ထီးမော် ကွယ်ခီး၊ ကျောက်ကြီးမြို့နယ်မှ မူခီး၊ ပယာဆဲဒဲ၊ ဒိုဒေါ်ခီး၊ သဲခီး၊ ထူးထာ၊ ဃောထောခီး၊ ဃဲဒဲ၊ ဒေးဘောခီး၊ တူဂေါ်စိုး၊ တကော်ဒဲ၊ သော်ငယ်ဒဲ၊ ပကော်ခီး၊ ဝါမီးလူ၊ ကဒီးမူဒဲ၊ ဝါကေဒဲ၊ မောခီး နှင့် လယ်ဆူခို ကျေးရွာ များမှ ဒေသခံ ၃,၁၅၉ ဦးခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်းတွင် KNU တပ်မဟာ (၃) နယ်မြေရှိ ကျေးရွာများနှင့် တောင်ယာ လုပ်ငန်းခွင်များအတွင်းသို့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂၁ ကြိမ်ခန့် ပြုလုပ်ခဲ့ ကြောင်း KNU ဗဟို၏ ဖေဖော်ဝါရီလချုပ် တိုက်ပွဲသတင်းစဉ်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required